Sunday, July 21, 2013

လူနည်းစုများကို ကာကွယ်မပေးနိုင်၍ ဗြိတိန်နှင့် ဥရောပ ပါလီမန် အမတ်များက ဘင်္ဂလာဒေခ်ျ့ကို ပြစ်တင် ဝေဖန်


လန်ဒန်မှာ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲ တစ်ခုမှာ လက်ရှိ ဘင်္ဂလာဒေခ်ျ့ အစိုးရ ပါတီ အ၀ါမီလိဂ်ကရော၊ အဓိက အတိုက်အခံ ပါတီ BNP ကရော လူနည်းစု လူမျိုးတွေကို အကာအကွယ် မပေးနိုင်တဲ့ အတွက် ဗြိတိန်နဲ့ ဥရောပ ပါလီမန် အမတ်တွေက ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗြိတိန် အထက်လွှတ်တော်က စီစဉ် ကျင်းပတဲ့ “ Bangladesh Democracy and Human Rights” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ခုလို ပြစ်တင် ဝေဖန်လိုက်တာ ဖြစ်တယ်လို့ ဒီကနေ့ ထုတ် ဘင်္ဂလာဒေခ်ျ့က သတင်းစာတွေမှာ ဖေါ်ပြပါတယ်။

အဲဒီဆွေးနွေးပွဲကို ဘင်္ဂလာဒေခ်ျ့ လက်ရှိ အစိုးရ ပါတီ အ၀ါမိလိဂ် ပါတီက လက်ရှိ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာရဲ့ အကြံပေး HT Iman ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေရော၊ အတိုက်အခံ ပါတီ ဘီအမ်းပီ ပါတီက ယာယီ အထွေထွေ အတွင်းရေးမှူး Mizar Fakhrul Islam Alamhir ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ ရော တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ ဗြိတိသျှ အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ ဥရောပ ပါလီမန် အမတ်တွေက လူနည်းစု ဘာသာခြားတွေ အပေါ်မှာ ကာကွယ် စောင့်ရှောက်မူ မပေးနိုင်ဘူးလို့ စွပ်စွဲ ဝေဖန် ပြောကြားချက်တွေကို သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ဘင်္ဂလာဒေခ်ျ့ လက်ရှိ အစိုးရ ပါတီ အ၀ါမီလိဂ်ကရော၊ အတိုက်အခံ ဘီအမ်းပီပါတီကပါ ငြင်းဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှာ ဗြိတိန် နိုင်ငံ ပါလီမန် ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ရဲ့ ဒုဥက္ကဌလည်း ဖြစ်၊ နိုင်ငံတကာ ဘင်္ဂလာဒေခ်ျ့ ဖေါင်ဒေးရှင်း ရဲ့ ဥက္ကဌလည်း ဖြစ်တဲ့ Lord Avebury က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ ပါတီပေါင်းစုံ ပါလီမာန် အမတ်များ အဖွဲ့ ဥက္ကဌ Anne Main MP ကတော့ ပူးတွဲ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ သဘာပတိ အဖြစ် ဆောင်ရွက်တဲ့ Lord Avebury က ဘင်္ဂလာဒေခ်ျ့မှာ လက်တလော အစွန်းရောက် ၀ါဒ အရှိန်မြင့် ကြီးထွားလာတာနဲ့ လူနည်းစုတွေ အပေါ်မှာ ခွဲခြား ဖိနှိပ်မူတွေ ပြုလုပ်နေမူ အပေါ်မှာ အထူး စိုးရိမ် မကင်း ဖြစ်တယ်လို့ ပြောဆိုပါတယ်။ လက်ရှိ အစိုးရပါတီရော၊ အတိုက်အခံ ပါတီကရော ၂၀၀၁ ခုနှစ်ကလို လူနည်းစု တွေအပေါ် ထပ်မံ တိုက်ခိုက်မူ မဖြစ်အောင် တားဆီးကြဖို့ လိုတယ်လို့ ပြောပါတယ်။ ( ၂၀၀၁ ခုနှစ် လူနည်းစုတွေ အပေါ် တိုက်ခိုက်မူနဲ့ ပတ်သက်ပြီး သတင်းစာတွေမှာတော့ အသေးစိတ် ဖေါ်ပြမထားပါဘူး။)

ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ဘင်္ဂလာဒေခ်ျ့က နိုင်ငံရေး ပါတီကြီး နှစ်ခုက ကိုယ်စားလှယ် တွေကတော့ သူ့ပါတီကလုပ်တယ်၊ ကိုယ်ပါတီ မလုပ် ဘူးဆိုပြီး တစ်ပါတီနဲ့ တစ်ပါတီ အပြစ်တွေ ပုံချကာ သူတို့နဲ့ မသက်ဆိုင်သလို ငြင်းဆို ခဲ့ကြတယ်လို့ သိရပါတယ်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ ဘင်္ဂလီ လူမျိုးအပြင် နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ တရားဝင် လူမျိုးစု ၁၃ ခု ရှိပြီး ဒီအထဲမှာ ဟိန္ဒူ၊ သက်၊ မာရမာကြီး (ဘရ၀ါ)၊ ရခိုင် စတဲ့ လူမျိုးတွေလည်း အပါအ၀င် ဖြစ်ပါတယ်။

No comments: