Monday, July 15, 2013

သျှမ်းပြည် (မြောက်ပိုင်း) ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကျားဖြူပါတီရုံးဖွင့်

သျှမ်းသံတော်ဆင့်

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူ) ပါတီ ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်း အနား ကို သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ ရပ်ကွက် ၁ တွင် ယခုလ ၁၂ ရက်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည် ။

၎င်းနေ့နံနက်ပိုင်း ၁၀ နာရီခန့်က အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျားဖြူပါတီမှ မူစယ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဒေါ်နန်းငွေငွေ တက်ရောက်အမှာ စကားပြောကြားခဲ့ကာ စုစုပေါင်း လူအင်အား ၂၀၀ ခန့် တက်ရောက် ကြောင်း ကိုယ်တိုင်အခမ်းအနား တက်ခဲ့သူ ကျားဖြူ ပါတီဝင်တစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ကျားဖြူပါတီရုံးသစ်ဖွင့်ပွဲပေါ့နော်။ မနက် ၁၀ နာရီမှာ မိုးရွာထဲမှာပဲ အခမ်းအနားစဖွင့်လိုက်တာပေါ့။ ဌာနဆိုင်ရာတွေ အဖွဲ့အစည်းတွေကို ဖိတ်ကြားတယ်။ အဖွဲ့အစည်းဆိုတဲ့နေရာမှာ ပြည်သူ့စစ် အဖွဲ့တွေ လည်းပါတယ်။ လူအင်အားက ၂၀၀ လောက်တက်တယ်။ ဆရာမကြီး နန်းငွေငွေက အဖွင့်အမှာ စကား ပြောတယ်။ ပန်ဆိုင်းအမတ်တစ်ဦးကလည်း အမှာစကားပြောတယ်” ဟု သူက ပြောသည် ။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းငွေငွေ၏ အဖွင့်မိန့်ခွန်းတွင် လာမည့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေ ထွေရွေးကောက်ပွဲတွင် ကျားဖြူပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်များ ၊ အမျိုးသမီး ကဏ္ဍများ ၊ နိုင်ငံရေး အပြောင်းအလဲ ကိစ္စရပ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်ပိုင်း ၁၁ နာရီခန့်တွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည် ။

No comments: