Thursday, July 25, 2013

လမ်းမိုင်နှစ်သောင်းကျော်အား B.O.T စနစ်ဖြင့် လုပ်ကိုင်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်

သီဟကိုကို

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိလမ်းများအနက် လမ်းမိုင် ၂၁,၁၅၅ အား B.O.T စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လိုသော ပုဂ္ဂလိကလုပ်ငန်းရှင်များအား ခေါ်ယူလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန်ယူဆောင်ရွက်သော လမ်းမိုင် ၂၄,၆၆၉ မိုင်ရှိသည့်အနက် ၃၅၁၄ မိုင်အား သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပုဂ္ဂလိကလုပ်ငန်းရှင်များအား B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုပြီး ကျန်ရှိလျက်ရှိသော ၂၁,၁၅၅ မိုင်အား B.O.T စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လိုသော ပုဂ္ဂလိကလုပ်ငန်းရှင် များအား ခေါ်ယူခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက “လုပ်ကိုင်ချင် တဲ့သူက ရုံးချုပ်ကနေ အချက် ၂၄ ချက်ပါတဲ့ ဆောင်ရွက်ရမယ့်အချက်တွေကို လာယူရမယ်။ အဲ့ဒါတွေကို ပြည့်စုံအောင်ဖြည့်စွက်ဆောင်ရွက်ပြီးရင် ရုံးမှာပြန်လာတင်ရမယ်။ လုပ်ကိုင်ခွင့်ကို ၀န်ကြီးဌာနက ဆုံးဖြတ်သွားမယ်”ဟု ပြောကြားသည်။

B.O.T စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လိုကြောင်း လျှောက်ထားရာတွင် ဆောင်ရွက်လိုသည့် လမ်းအမည်၊ လမ်းမိုင်အရှည်နှင့် ရင်းနှီးမြှုပ်နှံမည့် ပမာဏတို့ကို ဖော်ပြရမည်ဖြစ်ပြီး လမ်းမိုင်အရှည်သည် အနည်းဆုံး တစ်ဆက်တည်း မိုင် ၄၀ ရှိရမည်ဖြစ်သည်။

လမ်းတည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို သတ်မှတ်ချက်အတိုင်း သုံးနှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ လုပ်ကိုင် မည့်လမ်း၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ ထောက်ခံချက်လည်း ပါရှိရမည်ဖြစ်သည်။

ယင်းက “တင်လျှောက်သူရဲ့ ပိုင်ဆိုင်မှုအရ လုပ်ကိုင်နိုင်ခြင်းရှိ၊ မရှိကို ၀န်ကြီးဌာနက စစ်ဆေးသွားမှာပါ။ တိုင်းဒေသကြီး အစိုးရတွေကလည်း သေသေချာချာစစ်ဆေးပြီးမှ ထောက်ခံချက်ပေးသွားမှာပါ”ဟု ဆက်လက်ပြောဆိုသည်။

No comments: