Wednesday, July 3, 2013

KIO ၏ နည်းပညာ အထောက်အကူပြု အဖွဲ့များ မြစ်ကြီးနားရောက်ရှိ

အဲာပိုန်

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO ၏ နည်းပညာ အထောက်အကူပြု အဖွဲ့(Technical Team) ရုံးတာဝန်ခံနှင့် အဖွဲ့ဝင် များသည် ယနေ့ ညနေ ၅ နာရီ အချိန်တွင် ကချင် ပြည်နယ် မြစ်ကြီးနား မြို့သို့ ရောက်ရှိပြီး ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ခွန်ဂျာ က ဆိုပါသည်။

“သူတို့တတွေ ကတော့ KIO ဘက်က အချိန်ပြည့် အလုပ်လုပ်မည့် ရုံးတာဝန်ခံ အဖွဲ့တွေ ဖြစ်တယ်။ ရုံးဖွင့်ဖို့ လာတာ ဖြစ်တယ်” ဟု ဦးလမိုင်ခွန်ဂျာ ကဆိုပါသည်။

၎င်း KIO (Technical Team) အဖွဲ့ကို ဗိုလ်မှူးကြီး လအောင်က ဦးဆောင်ပြီး Technical Team အဖွဲ့ဝင် (၃) ဦးနှင့်ရုံး အဖွဲ့ဝင် (၈) ဦးပါရှိပြီး စုစုပေါင်း ၁၂ ဦး အဖွဲ့တို့က ယနေ့ နေလည် ၁၂ နာရီ အချိန်တွင် လိုင်ဇာမြို့မှ ထွက်ခွာ လာခဲ့ပြီး ညနေ ၅ နာရီ အချိန်တွင် မြစ်ကြီးနား မြို့သို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်ပါသည်။

ယခု ရောက်ရှိလာသည့် အဖွဲ့သည် KIO မှ ချမှတ် ထားသည့် Technical Team ဖွဲ့စည်းရေး မူများကို အကောင်အထည် ဖော်ဆောင်ရွက် ပေးရန် အတွက် လာရောက် ညှိနှိုင်း ပေးခြင်းနှင့် ရုံးခန်း ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း Technical Team အဖွဲ့ဝင် တစ်ဦးကဆိုပါသည်။

KIO ၏ Technical Team ဖွဲ့စည်းရေး မူများမှာ၁။ အချိန်ပြည့် အလုပ် လုပ်မည့် ရုံးတာဝန်ခံနှင့် အဖွဲ့ကို ဖွဲ့စည်းရန် ။၂။ လိုအပ်သည့် လုပ်ငန်း က္ပျွမ်းကျင်မှု အထောက် အကူပြု အဖွဲ့ကို ဖွဲ့စည်းရန်။ ၃။ နိုင်ငံတကာ ကျွမ်းကျင် ပညာ ရှင်များ အဖွဲ့ကို ဖွဲ့စည်းသွားရန်နှင့် ၄။ ပြည်သူ လူထုများ ပါဝင်သည့် အဖွဲ့များ ဖွဲ့စည်းသွားရန် တို့ဖြစ်ပါသည်။

Technical Team ကို ဖွဲ့စည်း ရာတွင် ပြည်တွင်းမှ ကိုယ်စားလှယ် အများစု ပါဝင်သော စုဖွဲ့မှု မျိုးဖြင့် ဖွဲ့စည်း သွားရန် ရှိပြီး ဤအထဲတွင် ပြည်တွင်း အခြေစိုက် သတင်း မီဒီယာ အဖွဲ့များ၊ လူမှုရေး အသင်း အဖွဲ့များမှ ပုဂ္ဂိုလ်များနှင့် ပညာရှင်များ ပါဝင်မည် ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ဆိုထားပါသည်။

KIO မှ ချမှတ် ထားသည့် Technical Team ဖွဲ့စည်းရေး မူဘောင် အတိုင်း ဖွဲ့စည်းပြီးလျှင်မြန်မာ့ ငြိမ်းချမ်းရေး စင်တာ MPC မှ Technical Team ဖြင့် ဆက်လက် တွေ့ဆုံ ကြမည် ဖြစ်ကာမြန်မာ့ ငြိမ်းချမ်းရေး စင်တာ မှလည်း စောင့်ဆိုင်းလျက် ရှိနေကြောင်း ဒေါက်တာ မင်းဇော်ဦးက ဆိုပါသည်။

ဤလုပ်ငန်းပိုင်း ဆိုင်ရာ (Technical Team) အဖွဲ့ ဖွဲ့စည်းရေး သဘော တူညီချက်သည်လည်း ပြီးခဲ့သည့် မေလ ကုန်ပိုင်း က KIO နှင့် အစိုးရ အကြား ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ တွေ့ဆုံ ခဲ့စဉ် သဘောတူ ထားသည့် အချက် ၇ ချက်ထဲမှ တစ်ချက် ဖြစ်ပါသည်။

No comments: