Tuesday, July 16, 2013

NBF အဖွဲ့နှင့် တောင်အာဖရိက ပညာရှင်တို့ တွေ့ဆုံ ဆွေးနွေးခြင်း

ဖြူဖြူကို

ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အစိုးရနှင့် သဘော တူညီချက်များကို နိုင်ငံခြား ပညာရှင်နှင့် အတူ ပြန်လည် သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ပြီး ခဲ့သည့် ဇူလိုင်လ (၁၄) ရက်နေ့တွင် နေပြည်တော်ရှိ ရတနာသိင်္ဃ ဟော်တယ်၌ ကျင်းပ ပြီးစီး ခဲ့ကြောင်း တက်ရောက် ခဲ့သူ ဦးဦးလှစောက ဆိုပါသည်။

“ အဖွဲ့ဝင် (၅၀) လောက်တက်တယ်။ ဖိတ်ထားတဲ့ နိုင်ငံခြား ပညာရှင်ကတော့ တောင်အာဖရိကနိုင်ငံက ဟာနက်စ်ဖြစ်ပါတယ်။ သူကတော့ တောင်အာဖရိက၊ သိရိလကာင်္နိုင်ငံ အပါအ၀င် peace process နဲ့ ပတ်သတ်တဲ့ (၄)နိုင်ငံက အခြေအနေ တွေကို သူက တောက်လျှောက် လုပ်လာ ခဲ့တဲ့ သူဖြစ်တယ်။ နောက်တယောက် ကတော့ သူအဖွဲ့ဝင်ပါ။ သူတို့ လာတာ နှစ် ယောက်ပေါ့” ဟုဆိုပါသည်။

ယခုကျင်းပခဲ့သည့် နိုင်ငံခြား ပညာရှင်များနှင့် NBF တို့၏ အလုပ်ရုံ ဆွေးနွေးပွဲသည်လည်း ဖိတ်ကြားခဲ့သူ နိုင်ငံခြား ပညာရှင် (၃) ဦးအနက် တဦးသာ တက်ရောက်နိုင် ခဲ့သည်ဟု ဆိုပါသည်။

အဓိက ဆွေးနွေးခဲ့သည်မှာ NBF မှ ရည်ရွယ်ထားသော နောင်ဖြစ်လာမည့် ပြည်ထောင်စု ညီလာခံ၌ ဖက်ဒရယ် ပြည်ထောင်စုကို စနစ်တကျ တည်ထောင်နိုင်ရန် ကိစ္စဆွေးနွေးပြီး တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၏ ချမှတ်ထားသော မူဘောင်ကို ဆွေးနွေးခဲ့ပါသည်။

NBF သည် ဆွေးနွေးပွဲမှ ရရှိခဲ့သော သဘောထား အမြင်များကို မှတ်တမ်းတင်ခြင်း၊ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊၂၀၁၄ ခုနှစ် ပြည်ထောင်စု ညီလာခံ ကျင်းပရေးနှင့် ပတ်သတ်သော ရည်ရွယ်ချက်များကို စုပေါင်းပြီး သီးခြားမူ သစ်တရပ် ရရှိရန် ဆွေးနွေး ခဲ့ပါသည်။

“ဒီဆွေးနွေးပွဲမှာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အနေအထားကို ဆွေးနွေးကြတယ်။ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေး အခန်းကဏ္ဍကို ဆွေးနွေးတယ်။ပြည်ထောင်စု ညီလာခံ ကျင်းပသည့်အခါ ပါဝင်သင့်တဲ့ အင်းအားစု အနေအထားကို ဆွေးနွေးတယ်။ လွတ်တော်တွေက ဘယ်လို အခန်းကဏ္ဍမှာ ပါဝင်သင့်သလဲ ဆိုတာတွေကိုလည်း ဆွေးနွေးတယ်။ ပြည်ထောင်စု ညီလာခံကြီးမှ ဘယ်လို အခန်း ကဏ္ဍနဲ့ တပ်မတော်၊ အစိုးရ၊ လွတ်တော်၊ ပါတီ၊ တိုင်းရင်းသား လက် နက်ကိုင်တွေ ဘယ်လို ပါဝင်မလဲ ဆိုပြီး ဆွေးနွေး ခဲ့ပါတယ်။”


ဤသို့ကြောင့် NBF သည် လက်နက်ကိုင် တိုင်းရင်းသား အုပ်စု၏ မူဘောင်ထဲမှ အခြေခံ လိုအပ်ချက်များနှင့် ပညာရှင်နှင့် ဆွေးနွေးထားသည့် ချပြချက်များကို ထုတ်နှုတ်ကာ မူသစ်တရပ် အချောသတ် ရေးဆွဲရန် မကြာခင် အစည်းအဝေး တစ်ရပ် ကျင်းပရန် ရှိပါသည်။

NBF သည် တိုင်းရင်းသား အားလုံး တစ်မူတည်း ဖြစ်လာရန် ရည်ရွယ်သည့် အနေနှင့် ၄င်းတို့ဆွေးနွေးပွဲမှ ရရှိလာသော မူသစ် တရပ်ကို လက်နက်ကိုင် တိုင်းရင်းသား အုပ်စုနှင့် လာမည့် သြဂုတ်လ သို့မဟုတ် စက်တင်ဘာလတွင် ညှိနှိုင်းသွားနိုင်မည် ဖြစ်ကြောင်း ဆိုပါသည်။

“ အဲဒီလို ညှိနှိုင်း အဖြေရှာလို့ ရခဲ့ပြီးရင် တိုင်းရင်းသား အားလုံးနဲ့ ဆိုင်တဲ့ Final မူဘောင် တစ်ရပ်အဖြစ် သတ်မှတ်လို့ ရခဲ့ပြီးဆိုရင် အစိုးရနဲ့ ချပြကြည့်မယ်၊ လွတ်တော် တင်မယ့် ကိစ္စကိုတော့ အလျင်စလို မလုပ်ပါဘူး လွတ်တော်တင်ပြီး ပယ်ချခံရရင် ဒုက္ခ ရောက်သွားမှာပေါ့၊ ဒါကြောင့် အားလုံး လက်ခံအောင် ပြင်ဆင်ပြီးမှ လွှတ်တော်ကို တင်မှာပါ” ဟု ဦးဇိုဇမ်းက ဆိုပါသည်။

ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့သည် တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေး ဆိုင်ရာမူဘောင် (frame work) များ ရေးဆွဲနိုင်ရေးအတွက် အမြင်သဘောထားများ ရယူရာတွင် ပြည်တွင်းရှိ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ နိုင်ငံခြား ပညာရှင်များနှင့် လက်နက်ကိုင် တိုင်းရင်းသား ပါတီများနှင့် ညှိနှိုင်းရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။

No comments: