Tuesday, July 23, 2013

NDF ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာကို လူသေစေမှုဖြင့် တရားစွဲမှု ယနေ့ စစ်ဆေးမည်

ဖနိဒါ | အင်္ဂါနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၃

အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာကို လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်း ကိုင်ဆောင်မှု၊ လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်ထားမှုတို့ဖြင့် စွဲဆိုထားသည့် အမှုကို ယနေ့ ဖားကန့်တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။

ဒေါ်ဘောက်ဂျာကို ကာမိုင်းမြို့နယ်မှ ဒေသခံ ဒေါ်ခမ်းဆိုင်၊ ကာမိုင်းရဲအုပ် သန်းထွန်းဝင်းနှင့် ဥာဏ်ဝင်းတို့နှစ်ဦးတို့က တရားလိုအဖြစ် ပြုလုပ်ပြီး ၂၀ဝ၉ကတည်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

၂၀ဝ၉ ခုနှစ်အတွင်းက ဒေါ်ဘောက်ဂျာက ဖားကန့်မြို့နယ်မှ ဒေသခံတစ်ဦးကို ဆေးကုသပေးနေစဉ် သေဆုံးခဲ့သည်ဟု စွပ်စွဲကာ တရားစွဲဆိုခြင်းဟု ဒေါ်ဘောက်ဂျာ၏ ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

“တောင်သူတွေမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့အခါ ဆေးကုတာ လူတစ်ယောက် သေတယ်လို့ ပြောတယ်။ အဲဒီအမှုတွေကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျတာ့ ဗိုလ်ချုပ်အုန်းမြင့်နဲ့ပြေလည်သွားတဲ့အခါမှာ အဲဒီအမှုတွေကို ဖွင့်ပြီးတော့ ရပ်ထားလိုက်တယ်” ဟု ပြောသည်။

အဆိုပါမှုကို ရပ်ဆိုင်းထားပြီးနောက် ယခုတွင် ထိုအမှုများဖြင့် ဇူလိုင်လ ၁၈ ရက်တွင် ပြန်လည် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးမြင့်သွင်က ပြောသည်။

“အမှုကို မပိတ်ထားဘူး။ ဒါပေမဲ့ အဲဒီ အမှုတွေမှာ ပုဒ်မ ၃၃ (လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်မှု)၊ (မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းများ ကိုင်ဆောင်မှု ဆေးကောင်စီ အက်ဥပဒေ) ပုဒ်မ ၄၁ ကျန်နေသေးတယ်။ အဲဒီရုပ်သိမ်းလွာတင်တာကို မချပေးဘူး။ အခုကျမှာ အဲဒီအမှု သုံးမှုနဲ့ ပြန်ဖမ်းတယ်လို့ သိရတယ်” ဟု ပြောသည်။

ဒေါ်ဘောက်ဂျာကို မြစ်ကြီးနားမြို့နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး ဖားကန့်မြို့ အချုပ်တွင် ထားရှိသည်။ “မြစ်ကြီးနား ရဲစခန်းမှူးနဲ့ ကျွန်တော် ဖုန်းပြောရပါတယ်။ ဘာလို့ အမှုနဲ့ ဖမ်းတာလည်းလို့ မေးကြည့်တော့ အရင် အမှု သုံးမှုဖွင့်ထားတာတဲ့၊ တရားရုံးမှာတော့ အမှုတွေရောက်နေပြီ။ တရားခံပြေးနဲ့ ရှိနေတာမို့လို့ သူတို့ကို ဖမ်းခိုင်းတာကြောင့် ခိုးဖမ်းတာပါလို့ ပြောပါတယ်” ဟုလည်း ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဘောက်ဂျာသည် သူ၏ ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစားဗိုလ်ချုပ်ဟောင်း သမဝါယမဝန်ကြီး ဦးအုန်းမြင့်ကို မဲလိမ်သည်ဟု နေပြည်တော်ရွေးကောက်ပွဲ ခုံရုံးသို့ တိုင်တန်းခဲ့ပြီးနောက် အမှုကို ပြန်လည်ရုပ်သိမ်းသည်။

ထိုစဉ်က ဦးအုန်းမြင့်နှင့် ညှိနှိုင်းရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ပေးမည်ဟု ကတိပေးပြောဆိုခြင်းကြောင့် အမှုကို ရုပ်သိမ်းပေးခြင်းဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမနှင့် အင်တာဗျူးများတွင် ပြောဆိုထားသည်။

“ဒါတွေကို သူလုပ်ပေးပါမယ် ဆိုပြီးတော့ ကတိပေးပါတယ်။ ကျွန်မကိုလည်း အခုကစပြီးတော့ လွတ်လွတ်လပ်လပ်လုပ်ပါဆိုပြီးတော့ ကတိပေးတဲ့အတွက် ကျွန်မလည်း အခုလိုရုပ်သိမ်းတာပါ” ဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောဆိုထားသည်။

No comments: