Thursday, July 4, 2013

တောင်ကုတ်တွင် ပြုလုပ်သော NLD နိုင်ငံရေး သင်တန်း RNDP နှင့် တစည အဖွဲ့ဝင်များလည်း တက်ရောက်

နိရဉ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကျင်းပ ပြုလုပ်သော နိုင်ငံရေး သင်တန်းသို့ NLD အဖွဲ့ဝင်များသာမက RNDP ၊ တစညနှင့် ရခိုင်လူမူ ကွန်ယက်မှ အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

သင်တန်းအား ဇွန်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့ပြီး သင်တန်းသို့ သင်တန်းသား ၄၀ တက်ရောက်ခဲ့သည်ဟု NLD တောင်ကုတ်မြို့နယ်မှ အမူဆောင် လူကြီး တစ်ဦး ဖြစ်သူ ဦးခင်လှက ပြောသည်။

“ သင်တန်းမှာ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စတာတွေကို သင်ကြားတာ ဖြစ်ပါတယ်။ အဓိကတော့ တိုင်းပြည်ရဲ့ အပြောင်းအလဲ ကာလမှာ နိုင်ငံရေးကို ပိုပြီး စိတ်ဝင်စားလာအောင်နဲ့ ဒီမိုကရေစီ သဘောတရားတွေကို သိရှိနိုင်အောင် သင်ကြားပို့ချတာပါ” ဟု သူက ဆိုသည်။

သင်တန်းတွင် သင်တန်း ဆရာများ အဖြစ် တောင်ကုတ်မှ ဆရာသူရကျော်၊ ပေါက်တောက ဆရာမ တစ်ဦးနဲ့ တောင်ကုတ်က ဆရာ နောက်တစ်ဦးဖြစ်ကြောင်း၊ သင်တန်းသူ သင်တန်းသားများမှာ NLD၊ ရခိုင်လူမူ ကွန်ယက်၊ RNDP နှင့် တစည ( NUP) တို့မှ ဖြစ်ကြသည်။

“ ရည်ရွယ်ချက်ကတော့ အချိန်နဲ့ အခြေအနေက မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲ နေချိန်မှာ ပြည်သူလူထုက နိုင်ငံရေး ပတ်သက်လို့ သိရမယ်။ ဒီမိုကရေစီ အကြောင်းကို သိရမယ်။ ပီးရင် မီဒီယာရဲ့ အခြေခံ သဘောတရားတွေကို သိရမယ်။ ဖွဲ့စည်းပုံ အခြေ ဥပဒေကို သိရမယ်။ ဒါကြောင့် ဒီသင်တန်းကို လုပ်ဖြစ်တာပါ” ဟု ဦးခင်လှက ပြောသည်။

သင်တန်းသို့ အားလုံးပါဝင်နိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ခဲ့ပြီး သင်တန်းမှာ များစွာ အကျိုးရှိသဖြင့် နောက်နောင်လည်း ဆက်လက် ပြုလုပ်သွားမည်ဟု သူက ပြောပြသွားသည်။

No comments: