Saturday, July 6, 2013

Time မဂ္ဂဇင်းကို နယူးယောက်တွင် သံဃာတော်များ ဦးဆောင်၍ ဆန္ဒပြ

အာရ်ကန်တိုင်းမ်စ်

၂၀၁၃ ခုနှစ် ဇူလိုင် (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) ကို " ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သူရဲ့မျက်နှာ " ဟု ရေးသားဖော်ပြခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုရောက် သာသနာပြုရဟန်း သံဃာတော်များမှ ဦးဆောင်၍ ဇူလိုင်လ ၃ ရက် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နေ့ လည် ၁၂ နာရီတွင် နယူးယောက်မြို့ရှိ တိုင်းမဂ္ဂဇင်းတိုက်ရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကမ္ဘာသူ ကမ္ဘာသားများအားလုံး၏ ကိုယ်စိတ်နှစ်ပါးကို ငြိမ်းချမ်းစေသော ဗုဒ္ဓဘာသာကို အကြမ်းဖက် အစွန်းရောက်သည့် ဘာသာအဖြစ် Time မဂ္ဂဇင်းမှ လွဲမှားစွာ ရေးသားဖော်ပြသည့်အတွက် ယခုလို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဆန္ဒပွဲကို ကြွရောက်ပူးပေါင်းပါဝင်သည့် ကန်တူကီ ပြည်နယ် (Kentucky State)ဗုဒ္ဓေါဝါသကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အရှင်စဒ္ဓေါဘာသာစာရက အာရ်ကန်တိုင်းမ်စ်သို့ မိန့် ကြားသည်။

" ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ ကိုယ်စိတ်နှစ်ပါးကို ငြိမ်းချမ်းစေတဲ့ ဘာသာပါ၊ Time မဂ္ဂဇင်း က ဗုဒ္ဓဘာသာကို အကြမ်းဖက် အစွန်းရောက်တဲ့ ဘာသာအဖြစ် မျက်နှာဖုံးတင် ဖော်ပြချက်တွေဟာ အမှန်တရားနဲ့ ဆန့်ကျင်နေပြီး မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကိုသာမက တစ်ကမ္ဘာလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံးရဲ့ပြရုပ်ကို ထိခိုက်စော်ကား ရေးသားခဲ့ရာရောက်တယ်။ အဲဒီအမှားတွေကို လက်မခံဘဲ အမှန်သိစေဖို့အတွက် ဦးဇင်းတို့က တိုင်းမ် မဂ္ဂဇင်းရုံးချုပ်ရှေ့မှာ ခုလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်။ " ဟု မိန့်တော်မူသည်။

ဆန္ဒပြပွဲတွင် ဗုဒ္ဓဘာသာသည် အကြမ်းဖက် အစွန်းရောက်သည့် ဘာသာမဟုတ်၊ မမှန်မကန် မီဒီယာ အလိမ်အညာ မျက်နှာစာ၊ စသည့် အင်္ဂလိပ်ဘာသာဖြင့် စာတန်းထိုးထားသည့် ဆိုင်းဘုတ်များ၊ လက်ကိုင် ပိုစတာများနှင့် တိုင်းမ် သတင်းထောက် ဟင်နာဘီရှ်၏ရုပ်ပုံကို ကြက်ခြေခပ် ဒီဇိုင်းပုံဖော်ထားသည့် တီရှပ်အင်္ကျီများ ကိုင်ဆောင်ဝတ်ဆင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဗုဒ္ဓ၏ သားတော်များဖြစ်သော ရဟန်းသံဃာများသည် မေတ္တာ၊ ဂရုဏာ၊ မိဒိတာ၊ ဥပေက္ခာ ဟူသည့် ဗြဟ္မစိုရ်တရား လေးပါးကို လက်ကိုင်ထားပြီး ဓမ္မဓိဌာန်ကျကျ ကျင့်ကြံအားထုတ် နေထိုင်ကြရသည့်အလျောက် အမှန်တရားအတွက် ယခုလို ငြိမ်းချမ်းစွာ ဆန္ဒပြသည့်အပေါ်တွင်လည်း တခြားဘာသာဝင်များက ရဟန်းသံဃာများ၏ သဘောတရားအပေါ် နားလည်သဘောပေါက်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ ပြည်တွင်း ပြည်ပ ရဟန်းသံဃာများသည် မည်သည့် အကြမ်းဖက် အစွမ်းရောက်သည့် ကိစ္စမျိုးကိုမှ မကျူးလွန်၊ ကျူးလွန်အောင်လည်း သူတပါးကို မြှောက်ထိုးပင့်ကော် မလုပ်ကြောင်း အရှင်စဒ္ဓေါဘာသာစာရက ရှင်းလင်း မိန့်ကြားတော်မူသည်။

ပြည်ပနိုင်ငံ အသီးသီးတွင် သီတင်းသုံး သာသနာပြုနေကြသည့် ရဟန်းသံဃာများသည် ပြည်တွင်းမှ ရဟန်းသံဃာများ၏ လုပ်ကိုင်ဆောင်ရွက်မှုအပေါ်တွင် သဘောထား ရပ်တည်ချက် တထပ်တည်း တသားတည်း ရှိနေကြောင်းလည်း အရှင်စဒ္ဓေါဘာသာစာရက မိန့်တော်မူသည်။

" ဦးဇင်းတို့ပြည်ပမှာ သီတင်းသုံး သာသနာပြုနေကြတဲ့ ရဟန်းသံဃာတော်တွေဟာ အင်းစိန်ရွာမ ဆရာတော်ကြီးတွေ ဦးဆောင်ပြီးတော့ သံဃာညီလာခံ ကျင်းပလုပ်ကိုင် ဆောင်ရွက်နေတဲ့အပေါ်မှာ သဘောထား ရပ်တည်ချက်တွေ တထပ်တည်း တသားတည်း ရှိနေကြတယ်။ " ဟု မိန့် ကြားသည်။

အင်အားကြီး ဒီမိုကရေစီ နိုင်ငံများဖြစ်သည့် အန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံသည် ဟိန္ဒူဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်အများစု၏ သသောဆန္ဒနဲ့အညီ လွှတ်တော်အမတ်၊ အစိုးရက ထည့်သွင်းစဉ်းစား လုပ်ကိုင်ဆောင်ရွက်ပေးရ သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သည့်အလျောက် ဗုဒ္ဓဘာသာသည် အကြမ်းမဖက် အစွန်းမရောက် တရားမျှတသည့်လမ်းကို သွားသည့်အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်အများစု၏ သဘောသဘာဝနဲ့ ကိုက်ညီသည့် ပြရုပ်တခုကို အစိုးရက ထည့်သွင်းစဉ်းစား လုပ်ကိုင်ဆောင်ရွက်ပေးမှသာ ပြည်သူလူထု သဘောထားအမှန်နဲ့ ကိုက်ညီမည်ဖြစ်ကြောင်း အရှင်စဒ္ဓေါဘာသာစာရ မိန့် တော်မူသည်။

" အင်အားကြီး ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အန္ဒိယနိုင်ငံမှာ ဟိန္ဒူဘာသာဝင်တွေများတဲ့အတွက် ဟိန္ဒူအမျိုးသားရေးဝါဒကို အခြေခံရပြီးတော့ ဟိန္ဒူဘာသာဝင်တွေရဲ့  သဘောဆန္ဒနဲ့ အညီ အစိုးရက လုပ်ကိုင်ဆောင်ရွက်ပေးရတယ်၊ အလားတူ အမေရိကန်နိုင်ငံမှာလည်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း ခရစ်ယာန်ဘာသာဝင်တွေရဲ့ သဘောဆန္ဒကို ရီပါပလက်ကန်ပါတီ (Republican Party) လွှတ်တော်အမတ်တွေ၊ ပြည်နယ်အစိုးရတွေက ထည့်တွက်စဉ်းစား လုပ်ကိုင်ဆောင်ရွက်ပေးရတယ်၊ မြန်မာနိုင်ငံဟာလည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အလျောက် ဗုဒ္ဓဘာသာဟာ အကြမ်းမဖက် အစွန်းမရောက် တရားမျှတဲ့လမ်းကို သွားတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်အများစုရဲ့  သဘောသဘာဝ ဆန္ဒနဲ့ကိုက်ညီတဲ့ ပြရုပ်တခုကို လက်ရှိအစိုးရကပဲဖြစ်ဖြစ်၊ နောင်တက်လာမယ့် အစိုးကပဲဖြစ်ဖြစ် ထည့်သွင်းစဉ်းစား လုပ်ကိုင်ဆောင်ရွက်ပေးမှသာ ပြည်သူလူထု သဘောထားအမှန်နဲ့ ကိုက်ညီမှာ ဖြစ်တယ်။ " ဟု အရှင် စဒ္ဓေါဘာသာစာရက ရှင်းလင်း မိန့်ကြားသည်။

အဆိုပါ ဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးတွင် သီးတင်းသုံး သာသနာပြုနေကြသော သံဃာအပါး ၃၀ နှင့် အမေရိကန်ရောက် မြန်မာဗုဒ္ဓဘာသာဝင် ၅၀ ဦးခန့် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြပြီး နယူးယောက် စံတော်ချိန် နေ့လည် ၂ နာရီတွင် ဗုဒ္ဒသာသနံ စီရံတိဌတု သုံးကြိမ် ရွတ်ဆို၍ အောင်မြင်စွာ ပြီးဆုံးရုပ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။

No comments: