Sunday, July 14, 2013

UWSA နှင့် အစိုးရ ကိုယ်စားလှယ်များ သဘော တူညီချက်ရရှိ

ဖြူဖြူကို

ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တောင်ပိုင်း စစ်ဒေသ ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့သည် ဇွန်လ (၁၈) ရက်နေ့၌ ရှိခဲ့သော တပ်တည်နေရာများ အတိုင်း ပြန်လည်နေရာယူကြရန် နှစ်ဖက် သဘောတူ ခဲ့ကြသဖြင့် ပြေလည်မှု ရရှိသွားပြီး ဖြစ်ကြောင်း UWSA ပြောခွင့်ရသူကို အခြေခံပြီး တရုတ်ပြည် နယ်စပ် အခြေစိုက် ဦးအောင်ကျော်ဇော်က ဆိုပါသည်။

“ အပြန်အလှန် ၀ိုင်းခဲ့ကြတဲ့ လွယ်ဆမ်ဆုမ် နေရာကနေ ပြန်ဆုတ်ကြဖို့ နှစ်ဖက် စလုံးက သဘောတူကြတယ်။ အဲဒါကို တပ်ချုပ် မင်းအောင်လှိုင် ကိုယ်တိုင်က တယ်လီဖုန်းဆက်ပြီး သဘော တူလိုက်တာပါ။ အဲဒါကြောင့် ဇွန်လ (၁၈) ရက် နေ့က ရှိနေတဲ့ နေရာကို နှစ်ဖက်စလုံးက ပြန်ဆုတ်ကြရမှာပါ။ အဲဒီတော့ ပြသနာကပြေလည်သွားတယ်” ဟုဆိုပါသည်။

UWSA နှင့် အစိုးရတို့သည် သဘောတူညီချက် (၅) ချက်ဖြင့် ပြေလည် သွားကြသည်ဟု ဆိုပါသည်။ ယင်းသဘောတူ ညီချက်များမှာ-

၁။ ယခင်ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ သဘော တူညီချက်များအား နှစ်ဖက်စလုံးမှ ဆက်လက် အလေးထား လိုက်နာဆောင်ရွက်သွားမည်။

၂။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်'၀' အထူးဒေသ(၂) တို့အကြား လက်ရှိ တည်ဆောက်ပြီး ဖြစ်သော နားလည်မှု၊ ယုံကြည်မှုနှင့် ငြိမ်းချမ်းရေး အစဉ်အလာ ကောင်းများကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ပြီး အပြုသဘော ဆောင်သော ညှိနှိုင်းဆွေးနွေးမှုများဖြင့် ထာဝရ ငြိမ်းချမ်းရေး ရသည်အထိ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်။

၃။ တပ်မတော်နှင့် UWSA တို့အကြား တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အကြောင်း ပေါ်ပေါက်လာပါက အပြုသဘောဆောင်သော နည်းလမ်းကောင်းများကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးတွေ့ဆုံညှိနှိုင်း ဖြေရှင်းမည်။

၎။ '၀'အထူးဒေသ (၂) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည့် အားလျော်စွာ နိုင်ငံတော်
အား သွေးကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း စသည်တို့ကို လုံးဝပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နယ်မြေ တည်တံ့ ခိုင်မြဲရေးအတွက် '၀' အထူးဒေသ (၂) ၏ စွမ်းရည်များကို လှူဒါန်းပေးဆောင်သွားမည်။

၅။ '၀' အထူးဒေသ (၂) ၏ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းစဉ်များအားပြည်ထောင်စု အစိုးရနှင့် '၀'အထူးဒေသ (၂) တို့ အပြန်အလှန် ပူးပေါင်း ကူညီဆောင်ရွက်မည်။

ယင်းဆွေးနွေးပွဲကို UWSA ဖက်မှ ကိုယ်စားလှယ် အဖွဲ့ဝင် (၂၀) ဦးခန့် တက်ရောက်ခဲ့ပြီး ပြည်ပဆက် သွယ်ရေးဌာနမှူး ကျောက်ကော်အန်းက ဦးဆောင်ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်နှင့် စီးပွားရေးဌာနမှူး ပေါက်ယိုလျံတို့လည်း ပါဝင် ခဲ့ပါသည်။ စစ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်များထဲတွင် အမှတ် ၁၇၁ တောင်ပိုင်း စစ် ဒေသတပ်မှူးကြီး ဝေ့ ရှော်ယင်၊ ဒု-စစ်ဦးစီးမှူး စိုင်းဆာမ်နှင့် တပ်မဟာ (၅) ခုမှ တပ်မဟာမှူးများလည်း တက်ရောက် ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

အစိုးရ ကိုယ်စားလှယ်များမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် စစ်ဖက်ဆိုင်ရာ အဖြစ် အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ် ကြီး အောင်သန်းထွဋ်နှင့်ရွှေတြိဂံ တိုင်း မှူး ဗိုလ်ချုပ် သန်းထွန်းဦး တို့လည်း တက်ရောက် ခဲ့ပါသည်။

ထို့အပြင် ဒေသဖွံ့ဖြိုးရေးအတွက် ဗဟို အစိုးရ အပါအ၀င် ပြည်နယ်အစိုးရနှင့် သဘော တူထားသော ရေအားလျှပ်စစ်ထုတ် လုပ်ရေးကိစ္စ၌ စစ်တပ်နှောင့်ယှက်နေမှုကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ဤကိစ္စလည်း ပြေလည်ခဲ့သည်ဟု ဦးအောင်ကျော်ဇော်က ဆိုပါသည်။

UWSA နှင့် အစိုးရ ကိုယ်စားလှယ်တို့သည် ယမာန်နေ့ ဇူလိုင် (၁၂) ရက်နေ့ နေ့လည် တနာရီခွဲမှ ညနေ (၆) နာရီအထိ ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ တြိဂံတိုင်း ဌာနချုပ်တွင် ဆွေးနွေးခဲ့ပါသည်။

UWSA နှင့် အစိုးရတပ်ဖွဲ့တို့စတင်ဖြစ်ပွားခဲ့သော ပြသနာများသည် ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင် အခြေစိုက် စစ်ဗျူဟာမှူး စိုးတင် ဝင်းမှ UWSA ၏ တပ်တည်နှင့် အင်အား စာရင်းတောင်းခံသည့်ကိစ္စ၊ တပ်စခန်းချင်း မျက်နှာချင်း လာရောက် ဆိုင်ထားသည့် ကိစ္စ၊ UWSA အဖွဲ့၏ စိုက်ခင်းများကို လာရောက် သိမ်းပိုက်သည့် ကိစ္စနှင့် တာချီလိတ်မြို့အတွင်း ဖြစ်ပွားသည့် ရှမ်းတစ်ဦးသေ ဆုံးသည့် ကိစ္စများကြောင့် အငြင်းပွားကြရာမှ UWSA ၏ လွယ်ဆမ်ဆုမ် တပ်စခန်းကို အစိုးရတပ်များ လာရောက် ၀ိုင်းရာမှ ပြသနာ ပြင်းထန် လာခဲ့ကြောင်း ဆိုပါသည်။

ဤကဲ့သို့ အပြန်အလှန် ၀ိုင်းခဲ့ကြသော်လည်း ပစ်ခတ်မှု မရှိခဲ့ပေ။ သို့သော် ဤနေရာ၌ တပ်စွဲထားသော နှစ်ဖက်တပ်များ အပြန်အလှန် ဆုတ်ခွာပြီး နောက်ဆုတ်ကြရန် ယမာန်နေ့ ဆွေးနွေးပွဲ၌ သဘောတူကြခြင်း ဖြစ်ပါသည်။

UWSA ၀တောင်ပိုင်း စစ်ဒေသ တပ်မတော်တွင် တပ်မဟာ (၅) ခု ရှိပြီး အမြဲတမ်း တပ်အင်အား (၂) သောင်း နီးပါး ရှိပါသည်။ ဤဒေသ၌ တပ်စွဲထားသော အစိုးရ တပ်ဖွဲ့များမှာ တပ်ရင်း (၁၅) ရင်းနှင့် တပ်ရင်း (၂၀) ကြားတွင် ရှိသဖြင့် အင်အား (၅၀၀၀) ခန့် ရှိနေသည်ဟု အကဲခတ်များက ဆိုပါသည်။

No comments: