Wednesday, August 28, 2013

ဇွဲကပင်တောင်သို့ နိုင်ငံခြားသား လာရောက်မှုတွင် ပြင်သစ်နိုင်ငံမှ လာရောက်မှု ပိုများ

နန်းမြင့် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၃

ကရင်ပြည်နယ်၊ ဇွဲကပင်တောင် ဆံတော်ရှင်စေတီသို့ နိုင်ငံခြားဧည့်သည် လာရောက်မှုတွင် ပြင်သစ်နိုင်ငံမှ လာရောက်မှု ပိုများကြောင်း ဇွဲကပင်တောင်ပေါ်ရှိ တိုက်အုပ်ဆရာတော် ဦးဣန္ဒာစရိယက သြဂုတ် ၂၅ ရက်တွင် မိန့်သည်။

ဇွဲကပင်တောင် ဆံတော်ရှင်စေတီတော်သို့ ပြင်သစ်၊ ဂျာမနီ၊ အစ္စရေး၊ ဂျပန်၊ အမေရိကန် စသည့် နိုင်ငံများမှ လာရောက် လည်ပတ်ကြပြီး ပွင့်လင်းရာသီတွင် နေ့စဉ် လာရောက်မှု ရှိသည်။ နိုင်ငံခြားသား ဧည့်သည်များ လာရောက်ရာတွင် လေ့လာရေးအနေဖြင့် လာရောက်ခြင်းဖြစ်ပြီး ပြည်တွင်းဧည့်သည် အများစုက ကျောင်းပိတ် ချိန်များတွင် လာရောက်လေ့ရှိသည်ဟု သိရသည်။

တိုက်အုပ်ဆရာတော် ဦးဣန္ဒာစရိယက “နွေရာသီဆိုရင် နိုင်ငံခြားသားတွေ လာကြတယ်။ မိုးတွင်းဆိုတော့ လမ်းမကောင်းလို့ တစ်ရက် နှစ်ရက်မှ တစ်ခါလောက်ပဲ လာကြတယ်။ တောင်ပေါ်ကိုလာရင် နှစ်ယောက်တွဲ၊လေးယောက်တွဲ လာကြတယ်။ စကားပြန် မပါဘူး၊ မြေပုံနဲ့လာကြတယ်။ နိုင်ငံခြားသားတွေက တောင်ပေါ်မှာ အိပ်ခွင့်မရှိဘူး။ နေ့ချင်းပြန် ဆင်းရတယ်”ဟု မိန့်သည်။

ဇွဲကပင်တောင်သည် အမြင့်ပေ ၃၀၀၀ ခန့်ရှိသည်။ ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်လျှင် အနည်းဆုံး အချိန် သုံးနာရီခန့် ကြာမြင့်သည်။ ကရင်ပြည်နယ် ငြိမ်းချမ်းရေးရပြီး နောက်ပိုင်း ဇွဲကပင်တောင်သို့ နိုင်ငံခြားသား ခရီးသွားများ လာရောက်လေ့ရှိပြီး နွေရာသီတွင် အများဆုံး လာရောက်ကြခြင်းဖြစ်သည်။

ဇွဲကပင်တောင် ဆံတော်ရှင် ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအောင်မောင်းက “ကရင်ပြည်နယ်က ငြိမ်းချမ်းရေး အသီးအပွင့် ရလာပြီး နိုင်ငံခြားသားတစ်ချို့ဆိုရင် ဇွဲကပင်တောင်ကို ရောက်လာကြတယ်။ တောင်ပေါ်မှာနေ၀င်ချိန်လေးကို ကြည့်ရတာ ပိုပြီး အနှစ်သာရဖြစ်တယ်။ အခုလို ကေဘယ်လ်ပရောဂျက် ပြီးသွားရင် ခရီးသွား လုပ်ငန်းပိုင်းက အများကြီး ဖွံ့ဖြိုးလာဖို့ရှိတယ်” ဟု ပြောသည်။

ဇွဲကပင် ဆံတော်ရှင်စေတီ ဘုရားပွဲတော်သည် တစ်ပေါင်းလပြည့်နေ့တွင်ဖြစ်ပြီး ဘုရားဖူးဧည့်သည် လာရောက်မှု များသည်။

ယင်းအပြင် ဇွဲကပင် ဆံတော်ရှင်စေတီသို့ ကေဘယ်လ်ကားဖြင့် တက်ရောက် ဖူးမြော်နိုင်မည့် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၂ မီလီယံ (ကျပ်သန်းပေါင်း ၂၂၀၀၀ နီးပါး) အသုံးပြုမည်ဖြစ်ပြီး ယင်းစီမံကိန်းကို သြဂုတ်လ အတွင်း စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။

အဆိုပါစီမံကိန်းကို မလေးရှားနိုင်ငံမှ ပီနန်ဆရာတော်၊ ဇွဲကပင်ဆရာတော်နှင့် ရန်ကုန်မြို့၊ သာသနာ့ဇေယျမင်္ဂလာ (သုံးထပ်ကျောင်း) ဆရာတော်သုံးပါးက ကြီးမှူးဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် ကေဘယ်ကားစီမံကိန်း ဖြစ်သည်။

No comments: