Saturday, August 31, 2013

အထက်လွှတ်တော်၊ ကြံ့ခိုင်ရေးပါတီအမတ်ကို ပြည်သူများ ဆန္ဒပြ

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မှ ပြည်သူ ၁၀၀ ကျော်သည် အထက်လွှတ်တော်အမတ် ဒေါက်တာမြဦးကို အလိုမရှိကြောင်း သြဂုတ် ၂၈ ရက် နံနက် ၈ နာရီကျော်က ဆန္ဒပြခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ထို အမျိုးသားလွှတ်တော်အမတ်သည် ပေါင်းတည်မြို့ရှိ ကုသိုလ်ဖြစ်ဆေးခန်းမှာ နိုင်ငံရေးပါတီတစ်ခု၏ ကျောထောက်နောက်ခံဖြစ်ပြီး နိုင်ငံခြားအကူအညီများ ရယူထားကြောင်း၊ ပရဟိတအသင်းများသည် မြို့နယ်ပြည်သူ့ဆေးရုံကြီးကို ငွေအားဖြင့် ဖိခိုင်းနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်ဟု ဆန္ဒပြသူများက ပြောဆိုခဲ့သည်။

“တစ်ယောက် ကျပ်တစ်ထောင်စီ ထည့်ပြီး ဆေးခန်းဖွင့်ထားတာ သူလည်း တစ်ပြားမှ ထည့်တာမဟုတ်ဘူး။ပြည်သူတွေ အကုန်လုံး ဒေါသဖြစ်ရတယ်”ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ ဦးအေးလွင်က ပြောကြားခဲ့သည်။

သြဂုတ် ၂၀ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဆေးခန်းကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ကိုယ်စားလှယ်များ က အမတ်ကို မေးခွန်းမေးမြန်းရာ ၎င်းက ပြန်လည်ဖြေကြားခြင်းမရှိဘဲ ထိုသို့ပြောကြားခဲ့သဖြင့် ဒေသခံများကဒေါသထွက်နေခြင်းဖြစ်သည်ဟု ကာယကံရှင်တို့ထံမှ စုံစမ်းရရှိသည်။

အဆိုပါ ဆေးခန်းမြေနေရာသည် ပြည်ထဲရေးဝန်ကြီးဌာနက သိမ်းယူထားသော မော်တော်ယာဉ်အသင်း ပိုင်မြေနေရာ ဖြစ်သော်လည်း မူလပိုင်ရှင်များက ဆေးခန်းသို့ လာရောက် လှူဒါန်းသဖြင့် ထိုမြေနေရာကို ဥပဒေဘောင်အတွင်းမှ တရားဝင်ရရှိရေး မည်သို့ လုပ်ဆောင်သင့်သည်ကို လွှတ်တော်အမတ်ထံမေးမြန်းခဲ့ခြင်းဖြစ်သည်ဟု ဆေးခန်းဥက္ကဋ္ဌ ဦးလူမြင့်က ရှင်းပြသည်။

“အလှူရှင်တွေက သူပြောတဲ့စကားပေါ်မှာ မူတည်ပြီး အထင်အမြင် လွဲသွားနိုင်တယ်။ ဦးလေးတို့ဘက်ကတော့ပြန်လည် ရှင်းလင်းချင်တယ်။ အေးချမ်းတဲ့နည်းနဲ့ သဘောထားအမှန်ကို သိစေချင်တယ်။ ဖြေကြားချက်တွေ အပေါ်မှာ လူထုက မကျေနပ်တာတွေရှိတယ်”ဟု ၎င်းက ဆက်ပြောခဲ့သည်။

သြဂုတ် ၂၈ ရက်က ဆန္ဒပြပွဲသည် အာဏာပိုင်တို့ထံ ခွင့်ပြုချက်မယူဘဲ ပြုလုပ်ခြင်းဖြစ်သဖြင့် ရဲများက ဆန္ဒပြ သူများကို လူစုခွဲပေးရန် လာရောက်တားမြစ်ခဲ့ပြီး လိုက်နာခြင်းမရှိလျှင် တရားစွဲမည်ဟု အသံချဲ့စက်ဖြင့်အော်ဟစ် အသိပေးခဲ့သည်ကို တွေ့ရသည်။

ထိုသို့ ဒေသခံများ ဆန္ဒမပြမီ တစ်ရက်အလိုတွင် အထက်လွှတ်တော်အမတ် ဒေါက်တာမြဦး၏ အမတ်သက်တမ်း လပေါင်း ၃၀ အတွင်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနိုင်ခဲ့မှုနှင့် ဆောက်ရွက်ဆဲလုပ်ငန်းများကို ပြည်သူများထံ အသိပေးသည့်အနေဖြင့် လေးခေါက်ချိုးစာရွက်များဖြင့် ထိုအမတ်၏ပါတီက ပေါင်းတည်မြို့ခံများထံ လိုက်လံဝေငှ ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ပါမောက္ခ ဒေါက်တာမြဦးသည် ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်မဲဆန္ဒနယ်သုံးခုမှ အမျိုးသားလွှတ်တော်အမတ် တစ်ဦးဖြစ်ပြီး ယခင်က ကျန်းမာရေးဒု-၀န်ကြီးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စစ်တပ်တွင်လည်း ဗိုလ်မှူးကြီး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အငြိမ်းစားတစ်ဦးဖြစ်သည်။

No comments: