Thursday, August 29, 2013

နယ်စပ်ဒေသ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ညီလာခံ ပြီးဆုံး

နော်ဆွိ

ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့၌ ကျင်းပသော (Back Pack) နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့ ညီလာခံသည် ယမာန်နေ့တွင် ပြီးဆုံး သွားခဲ့ သည်ဟု နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့ အတွင်းရေးမှူး စောဝင်းကျော်က ဆိုပါသည်။

“ နှစ်ရက်တာ လုပ်ပါတယ်။ (၃) နှစ် တကြိမ်ပေါ့။ ကိုယ်စားလှယ် (၁၂၀) ကျော် တက်ပါတယ်။ အဲဒီထဲက အမှုဆောင်သစ် (၁၃) ဦးကို ရွေးချယ် ခဲ့ပါတယ်” ဟု ဆိုပါသည်။

နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့သည် မြန်မာ နယ်စပ် ဒေသရှိ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသော တိုင်းရင်းသား ဒေသများကို အခြေခံ ဖွဲ့စည်း ထားပါသည်။ အထူးသဖြင့် ကချင်၊ ပလောင်၊ ပအို့ ၊ ရှမ်း၊ ကရင်နီ၊ ကယန်း၊ မွန်၊ ကရင်၊ ရခိုင်၊ ချင်း စသည့် နယ်စပ် ဒေသ များကို အခြေခံ ထားပါသည်။

ကချင်ဒေသတွင် နေရာ ၄ ခု ရှိပြီး၊ ပလောင်၊ ရှမ်း၊ ပအို့၊ ကရင်နီ၊ ကယန်းပြည်သစ် ပါတီမှ နေရာဒေသ အလိုက် ဖွဲ့စည်း ထားပါသည်။ KNU ဒေသဖက်တွင်မူ ညောင်လေးပင်၊ တောင်ငူ၊ ဖာပွန်၊ သထုံ၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူ မွန်နယ်စပ် ဒေသ ဖက်တွင် ဖွဲ့စည်း ထားပါသည်။ ကျန်းမာရေး လုပ်သား အဖွဲ့ပေါင်း (၉၅) ဖွဲ့ ရှိပြီး ၁၉၉၈ ခုနှစ်တွင် စတင် ဖွဲ့စည်း ခဲ့ပါသည်။

ဖွဲ့စည်းပုံ အရ လူ (၂၀၀၀) နှုန်းကို ဆေးမှူး (၃) ဦး၊ ရိုးရာ လက်သည် (၂) ဦး၊ ကျေးလက် ကျန်းမာရေး လုပ်သား (၅) ဦးစုဖွဲ့ မှုပုံစံဖြင့် စောင့်ရှောက်နေပါသည်။ တချို့နေရာများတွင် လူတသောင်းကို နယ်လှည့် ကျန်းမာရေး လုပ်သား (၁၅) ဦးနှင့် (၁၇) ဦးကြားဖြင့် တာဝန်ယူ စောင့်ရှောက် နေရပါသည်။


လက်ရှိ နယ်လှည့် ကျန်းမာရေး လုပ်သား အဖွဲ့တွင် ကျန်းမာရေး ဝန်ထမ်း ၄၅၀ ကျော်၊ ဆေးမှူး ၃၄၀ ကျော်၊ ကျေးရွာ ကျန်းမာရေး လုပ်သား ၄၅၀ ကျော်နှင့် ရိုးရာ လက်သည် ၇၀၀ ကျော် ရှိပြီး လူဦးရေ ၂၀၀၀၀၀ သိန်းကျော်အား ကျန်းမာရေး စောင့်ရှောက်ပေးလျှက် ရှိကြောင်း ဆိုပါသည်။

နယ်လှည့် ကျန်းမာရေး လုပ်သား အဖွဲ့သည် ဒေါက်တာ စင်သီယာမောင် ဦးဆောင်သည့် မယ်တော် ဆေးခန်းမှ သင်တန်း ရယူပါသည်။ လိုအပ်သော ဆေးဝါးများကို ထိုင်းနိုင်ငံ၌ ၀ယ်ယူပြီး လမ်းပမ်း ဆက်သွယ်ရေး မကောင်းသော တချို့ ဒေသများတွင် ပြည်တွင်း ထဲ၌ ၀ယ်ယူရပါသည်။

ဤနယ်လှည့် ကျန်းမာရေး လုပ်ငန်း ဖြစ်မြောက်ရေးကို နိုင်ငံတကာ အလှူရှင် (၈) ဖွဲ့မှ အကူအညီ ပေးထား ခဲ့ပါသည်။ သို့သော်လည်း၂၀၁၂ ခုနှစ်တွင် (၂၅) ရာနှုန်းမျှ လျှော့ချ ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် (၃၄) ရာနှုန်းခန့် ထပ်မံ လျှော့ချ သွားခဲ့ ပါသည်။ ဤသို့သော အခက်အခဲကြောင့် လုပ်ငန်းကို မည်သို့ ဆက်လက် ဆောင်ရွက် ရမည်ကို ညီလာခံ၌ ဆုံးဖြတ်ရန် လိုအပ်လာပါသည်။

ဤသို့ကြောင့် ညီလာခံသည် လက်ရှိ ထောက်ပံ့မှု အနေအထား အရ အမှန်တကယ် လိုအပ်နေသော နေရာ များကိုသာ ပုံမှန် နေရာထက် ဦးစားပေး စောင့်ရှောက် သွားမည်ဟု ဆုံးဖြတ် ခဲ့ပေသည်။

No comments: