Thursday, August 29, 2013

ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ ဆန္ဒပြတဲ့ ခေါင်းဆောင်တွေ တရားစွဲခံရ

ABC

မြန်မာနိုင်ငံက ​စီတန်းလှည့်လည်ခြင်းဆိုင်ရာ ​ဥပဒေပုဒ်မ ​၁၈ ​ကို ​ပယ်ဖျတ်ပေးဖို့ ​မနေ့က ​ရန်ကုန်မြို့မှာ ​ငြိမ်းချမ်းစွာ ​ဆန္ဒပြတဲ့ ​ခေါင်းဆောင် ​၇ ​ဦးကို ​အာဏာပိုင်တွေက ​အရေးယူခဲ့တယ်လို့ ​သိရပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ ​သက်ရာ ​မြို့နယ် ​၇ ​မြို့နယ်က ​ခွင့်ပြုချက်မတောင်းခံဘဲ ​ဆန္ဒပြတာ ​ဖြစ်တဲ့ ​အတွက် ​ပုဒ်မ ​၁၈ ​နဲ့ ​တရားစွဲဆိုထားတာဖြစ်ပါတယ်။ ​ဆန္ဒပြသူတွေဟာ ​ရန်ကုန်မြို့ ​စမ်းချောင်းမြို့နယ်ကနေ ​မြို့တော်ခန်းမရှေ့ထိ ​ခွင့်ပြုချက်မရပဲ ​လမ်းလျှောက်ဆန္ဒပြတာဖြစ်ကြောင်း၊ ​ဆန္ဒပြခေါင်းဆောင် ​၇ ​ဦးကို ​မြို့နယ်မှာ ​ပါဝင်မှုအလိုက် ​တရားစွဲဆိုခံရတာဖြစ်တဲ့အကြောင်း ​တရားစွဲဆိုခံထားရတဲ့ ​Generation ​Youth ​မှ ​ကိုတင်ထွဋ်ပိုင်က ​ယခုလိုပြောပါတယ်။

“ကျွန်တော်တစ်ယောက်ထဲကိုဘဲ ​၇ ​မြို့နယ်လုံးကဆွဲတာ။ ​ကျန်တဲ့သူတွေက ​တစ်ချို့က ​တစ်မှုပဲပါတယ်။ ​တစ်ချို့က ​နှစ်မှုပါတယ်။ ​တစ်ချို့က ​၆ ​မှုပါတယ်။ ​စုစုပေါင်း ​လူ ​၇ ​ယောက်အစ်ကို”


ဆန္ဒပြခေါင်းဆောင်တွေကို ​သက်ဆိုင်ရာမြို့နယ်တွေဖြစ်ကြတဲ့ ​ကျောက်တံတားမြို့နယ်၊ ​ပန်းဘဲတန်းမြို့နယ်၊ ​လသာမြို့နယ်၊ ​လမ်းမတော်မြို့နယ်၊ ​အလုံမြို့နယ်၊ ​ကြည်မြင့်တိုင်မြို့နယ်နဲ့ ​စမ်းချောင်းမြို့နယ်တို့က ​အမှုပေါင်း ​၁၉မှုနဲ့ ​တရားစွဲဆိုထားတာ ​ဖြစ်တယ်လို့ဆိုပါတယ်။

တရားစွဲဆိုခံရတဲ့ ​ဦးဆောင်ဆန္ဒပြသူတွေဟာ ​Generation ​Youth ​အဖွဲ့က ​၄ ​ဦးနဲ့ ​ဒီမိုကရေစီအင်အားစုအဖွဲ့က ​၃ ​ဦး ​ဖြစ်ပါတယ်။ ​တရားစွဲဆိုခံထားရသူတွေထဲက ​နှစ်ဦးကို ​အာမခံနဲ့ ​ပြန်လွှတ်ပေးခဲ့တယ်လို့ ​သိရပြီး ​လာမယ့် ​စက်တာဘာလ ​၁၂ ​ရက်နေ့မှာ ​ကိုတင်ထွဋ်ပိုင်အပါအဝင် ​အခြား ​ဆန္ဒပြ ​ခေါင်းဆောင် ​၄ ​ဦးကို ​ကျောက်တံတားမြို့နယ် ​တရားရုံးက ​စတင်စစ်ဆေးမှာ ​ဖြစ်ပါတယ်လို့ ​ဆိုပါတယ်။ ​တရားစွဲဆိုခံရတာတွေနဲ့ ​ပက်သက်ပြီး ​ကြိုတင်ပြင်ဆင်မှုတွေ ​ပြုလုပ်ထားတယ်လို့လည်း ​ကိုတင်ထွဋ်ပိုင်က ​ပြောပါတယ်။

“ပြင်ဆင်ထားတာတော့ ​ကျွန်တော် ​ရှေ့နေငှားဖို့ ​လုပ်နေပါတယ်။ ​ဘယ်လို ​ရှေ့နေမျိုး ​ငှားမလဲဆိုတော့ ​ကျွန်တော်တို့ ​အမှုကို ​လိုက်ပေးနိုင်မယ့် ​ရှေ့နေမျိုး၊ ​နောက်ပြီးတော့ ​အခမဲ့ ​လိုက်ပေးနိုင်မယ့် ​ရှေ့နေမျိုးကို ​ရှာနေပါတယ်”

ငြိမ်းချမ်းစွာ ​စီတန်းလှည့်လည်ခြင်းဆိုင်ရာ ​ဥပဒေကို ​သမ္မတဦးသိန်းစိန်လက်ထက်မှာ ​အတည်ပြုပေးခဲ့တဲ့ ​ဥပဒေတစ်ခုဖြစ်ပါတယ်။ ​ငြိမ်းချမ်းစွာ ​စီတန်းလှည့်လည်ခြင်းဆိုင်ရာ ​ဥပဒေပုဒ်မ ​၁၈ ​ကို ​ဖျတ်သိမ်းဖို့အတွက် ​လက်မှတ်ထိုးကန်ပိန်းတွေကိုလည်း ​တစ်ပါတ်အတွင်း ​ဆက်လက် ​လုပ်ဆောင်သွားဖို့ ​စီစဉ်နေတယ်လို့ ​ဆန္ဒပြသူတွေကပြောတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှကနေ ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

No comments: