Friday, August 30, 2013

ဗီဂျေးနမ်ဗီးယား၏ တရက်တာ လိုင်ဇာ ခရီးစဉ်

အဲာပိုန်

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့KIO လိုင်ဇာ ဗဟို ဌာန ချုပ်သို့တရက်တာ အလည်အပတ် ခရီး အဖြစ် သွားရောက် ခဲ့သည့်ကုလ သမဂ္ဂ အတွင်း ရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် ဗီဂျေး နမ်ဗီးယားသည် KIO ဗဟို ကော်မီတီ အဖွဲ့နှင့် သီးခြား တွေ့ဆုံဆွေးနွေး သွားခဲ့ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုး တော်ဆောင် အဖွဲ့မှ ဦးအင်ဆင်းဆန်းအောင်က ဆိုပါသည်။

“လိုင်ဇာ ရောက်ရောက် ချင်းတော့ ဗိုလ်ချုပ် ဂွမ်းမော်၊ ဦးဆွမ်လွတ်ဂမ်တို့ ပါဝင်တဲ့ KIO တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်တွေတို့နဲ့ သူအရင်တွေ့ခဲ့တယ်၊ ပြီးမှ KIO ဥက္ကဌ ပါဝင်တဲ့ ဗဟို ကော်မတီ အဖွဲ့နဲ့ထပ်တွေ့ကြတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

မစ္စတာ နမ်ဘီးယားသည် KIO ၏ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့ကိုယ်စားလှယ်နှင့် တစ်နာရီခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး KIO ဥက္ကဌ အပါအဝင် ဗဟို ကော်မတီ အဖွဲ့ဝင် အားလုံးတို့နှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးစဉ် မည်သည့် အကြောင်းအရာများ ပြောကြား သွားကြ သည်ကို မသိရ သေးသော်လည်း ကချင်ပြည်သည် မကြာမှီ ငြိမ်းချမ်းရေး ရရှိတော့မည်ဟု မှတ်ချက် ပေးသွား ခဲ့ကြောင်း၊ ဦးအင်ဆင်းဆန်းအောင်က ဆိုပါသည်။

ထို့အပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိနိုင်ရေးတွင် ၄င်းကိုယ်တိုင် ပါဝင် သွားမည် ဖြစ်ပြီး အကူအညီလည်း ပေးသွားရန် ရှိကြောင်း ပြောဆို သွားခဲ့သည်ဟု ဆိုပါသည်။ ဗီဂျေး နမ်ဗီးယားသည် KIO ဗဟို ကော်မီတီ အဖွဲ့နှင့် တွေ့ဆုံ ပြီးနောက် လိုင်ဇာမြို့ပေါ်ရှိ စစ်ပြေး ဒုက္ခသည် စခန်း ၂ ခုကို သွားရောက် ကြည့်ရှုခဲ့ပါသည်။

ဤကဲ့သို့ လိုင်ဇာ ဒုက္ခသည် စခန်းကို ကြည့်ရှု ပြီးနောက် ဗီဂျေးနမ်ဗီးယားသည် ဂျေယန်း စစ်ပြေး ဒုက္ခသည် စခန်းသို့ ထပ်မံ ကြည့်ရှု ခဲ့သည်ဟု ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲဗီဆာက ဆိုပါသည်။

ဤကဲ့သို့ ဒုက္ခသည် စခန်း များကို ကြည့်ရှု ပြီးနောက် ဗီဂျေးနမ်ဗီးယားသည် ၄င်းခရီးစဉ်တွင် လိုက်ပါ လာသော ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ချုပ်မှ ICRC အဖွဲ့ဝင်များကို KIO ထိန်းချုပ် နယ်မြေ အတွင်းရှိ စစ်ပြေး ဒုက္ခသည်များအား ဆေးဝါး ကုသရန် တာဝန် ပေးအပ် ခဲ့ပြီး ယမာန်နေ့ ညနေ (၃) နာရီတွင် မြစ်ကြီးနားသို့ ပြန်လည် ထွက်ခွာ သွားခဲ့ ပါသည်။

ဗီဂျေး တာဝန် ပေးခဲ့သော ICRC အဖွဲ့ဝင် (၁၂) ဦးတို့သည် ယနေ့ မနက်ပိုင်းတွင် လိုင်ဇာ ဆေးရုံ အတွင်း၌ ဆေးမှတ်တမ်း ပြုစုပုံနှင့် လိုအပ်သည့် အထောက်အကူပြု ဆေးအဖွဲ့တို့ကို သင်တန်း ပေးခဲ့ ပါသည်။ ထို့နောက် ဒုက္ခသည် စခန်း များသို့ သွားရောက် ဆေးကုသ သွားရန် ရှိပြီး ၄င်းတို့၏ ခရီးစဉ်ကို အောက်တိုဘာ ၁ ရက်နေ့တွင် အဆုံးသတ် မည်ဟု ဦးဒွဲဗီဆာက ဆိုပါသည်။

မစ္စတာ နမ်ဗီးယားနှင့် အဖွဲ့သည် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ အရာရှိ (၄) ဦးနှင့် KIO အလုပ် အဖွဲ့မှ အရာရှိ (၂) ဦး ပါဝင်သော အဖွဲ့နှင့် သြဂုတ်လ ၂၈ ရက်နေ့မနက် ၇ နာရီခွဲ အချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ထွက်ခွာ လာခဲ့ပြီး နေ့လည် ၁၁နာရီ အချိန်တွင် KIO လိုင်ဇာ ဗဟို ဌာနသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်ပါသည်။


မစ္စတာ နမ်ဗီးယား၏ ဤခရီးစဉ်သည် ကုလ သမဂ္ဂ အဖွဲ့ဝင်များ အနေဖြင့် KIO လိုင်ဇာ ဌာနချုပ်ထံ ပထမဆုံး သွားရောက် ခဲ့သည့် ခရီးစဉ် ဖြစ်ပြီး ICRC အဖွဲ့အနေဖြင့်လည်း ကချင် စစ်ပြေး ဒုက္ခသည် များကိုပထမ အကြိမ် ဆေးကုသခွင့် ရခဲ့သည့် ခရီးစဉ် ဖြစ်ပါသည်။

No comments: