Saturday, August 31, 2013

ဒေါ်နော်အုန်းလှကို ထောင်ဒဏ်နှစ်နှစ် ချမှတ်

ခိုင်ခိုင်

လက်ပံတောင်းတောင်အရေး ဆန္ဒဖော်ထုတ်သူ ဒေါ်နော်အုန်းလှကို သြဂုတ်၂၉ ရက်တွင် မုံရွာမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ကြောင်း ၎င်း၏ရှေ့နေ ဦးရောဘတ်ဆန်းအောင်က မဇ္ဈိမကို အတည်ပြု ပြောသည်။

မုံရွာမြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင် ဒဏ်နှစ်နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

တရားရုံးတွင် သြဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ ရုံးချိန်း သုံးရက်ဆက်တိုက် သတ်မှတ်ခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်နော်အုံးလှ၏ရှေ့နေ ဦးရောဘတ်စန်းအောင်က ယခုဖြစ်စဉ်မှာ ဆန္ဒထုတ်ဖော်ခွင့် မရရှိခြင်းကြောင့်ဖြစ်လာသော အကြောင်းအရာများသာဖြစ်ပြီး လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ထုတ်ခွင့် ပေးသင့်ကြောင်း၊ ယခုချမှတ်သော ပြစ်ဒဏ်မှာ အနည်းငယ်ပြင်းထန်သည်ဟု ထင်မြင်ကြောင်း မဇ္ဈိမကို ပြောသည်။

၎င်းက “ဒေါ်နော်အုံးလှ ဆန္ဒပြခွင့်မရဘဲဆန္ဒပြတာက ခွင့်ပြုချက်မရတာကြောင့် မုံရွာမှာပြဖို့တင်တာ ကိုးကြိမ်ရှိပြီ။ တစ်ခါမှ မရခဲ့ဘူး။ ခွင့်ပြုချက်မရတာက ခွင့်မပြုလို့ဘဲ။ လွှတ်တော်သုံးရပ်မှာ ဆွေးနွေးသင့်တယ် ဆွေးနွေးပေး ပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ဆိုသည်။

ဒေါ်နော်အုန်းလှကို သြဂုတ် ၁၃ ရက် မုံရွာမြို့ အမှတ်(၁)ရဲစခန်းမှ ဖမ်းဆီးခဲ့သည်ဟု အဆိုပါရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့ပြီး အမှုအတွက် တရားလိုပြုလုပ်ခဲ့သူမှာ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ရွှေဖြစ်ကြောင်း လည်း ဦးရောဘတ်စန်းအောင်က ပြောသည်။

ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဘထူးကလည်း ဒေါ်နော်အုန်းလှကို အမိန့်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး ကြိုတင်စီစဉ်ထားသော အမိန့်ချမှတ်မှုသာဖြစ်သည်ဟု စွပ်စွဲပြောဆိုလိုက်သည်။

ဒေါ်နော်အုန်းလှသည် ဒေသခံ ၁၅၀ ခန့်ကို ဦးဆောင်ကာ သြဂုတ် ၁၃ ရက်က မုံရွာမြို့ပေါ်တွင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ အခြေခံဥပဒေပြင်ပေးရေး၊ ကြေးနီစီမံကိန်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် ရဲများအား အရေးယူပေးရေး စသည်တို့ကို တောင်းဆို ဆန္ဒပြခဲ့ရာ ၎င်းအပါအ၀င် ဆန္ဒပြသူ ၁၀ ဦးကို ရဲများက ဖမ်းဆီးခဲ့ သည်။ ယင်းနေ့ညနေတွင်ပင် ဒေသခံကိုးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဒေါ်နော်အုန်းလှကို ဆက်လက် ထိန်းသိမ်း ထားခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၀ ရက်ကလည်း ရန်ကုန်တွင် ဒေါ်နော်အုန်းလှနှင့် မတရားဖမ်းဆီးခံရသူရွာသားများ လွှတ်ပေးရန် Generation Youth အဖွဲ့မှ ကိုကျော်သူက တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သည်။

ဒေါ်နော်အုန်းလှကို အမိန့်ချခဲ့သည့် သြဂုတ် ၂၉ ရက်သည် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ၀မ်ပေါင် ကုမ္ပဏီရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်သော သံဃာများနှင့် ဒေသခံများအား အာဏာပိုင်များက အင်အားသုံး ဖြိုခွင်းခဲ့သည့် ကိုးလပြည့်နေ့လည်းဖြစ်သည်။ ယင်းနေ့တွင်ပင် မုံရွာ၌ လူအင်အား ၁၂၀၀ ခန့်က စီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသေးသည်။

No comments: