Thursday, August 29, 2013

ဝေဖန်မှုများရှိနေသည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အတည်ပြု

ကေဇင်ဦး | ကြာသပတေးနေ့၊ သြဂုတ်လ ၂၉ ရက် ၂၀၁၃

လူမှုအဖွဲ့အစည်းအချို့က ကန့်ကွက်မှု၊ ဝေဖန်မှုများရှိနေသော လူ့အခွင့်ကော်မရှင် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က သြဂုတ် ၂၈ ရက်က ပြင်ဆင်ချက်အချို့ဖြင့် အတည်ပြုလိုက်သည်။

ယင်းဥပဒေကို သမ္မတရုံးဒု-၀န်ကြီးဦးသန့်ရှင်းက အဆိုပြုခဲ့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် တစ်ပိုဒ်ချင်းစီအလိုက် အမတ်များ သဘောတူမတူမေးကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဥပဒေ၏ ရည်ရွယ်ချက်တွင် ပြဌာန်းချက်အချို့ကို အထက်လွှတ်တော်က ဖြည့်စွက်ခဲ့သေးရာ “အခြေခံဥ ပဒေပါနိုင်ငံသားများ၏ ရပိုင်ခွင့်အခွင့်အရေးများကို ပိုမို၍ ကာကွယ်စောင့်ရှောက်နိုင်ရန်”၊ “လူ့အခွင့်အရေး ကြေညာစာတမ်း ကို အသိအမှတ်ပြုပြီး လူ့အခွင့်အရေးကို လေးစားသည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရန်”၊ “လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသအ ဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်နိုင်ရန်” ဟူသည့် အချက်များ ပါဝင်ခဲ့သည်။

လက်ရှိတွင် ယင်းဥပဒေသည် မူကြမ်းအဆင့်သာရှိသေးပြီး အထက်လွှတ်တော်က ပြင်ဆင်ဖြည့်စွက် အတည်ပြုလိုက် သည့်အတိုင်း အောက်လွှတ်တော်က လက်ခံ အတည်ပြု၊ မပြု မသိနိုင်သေးဘဲ ထိုမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်နှင့် သမ္မတတို့၏ သဘောထားများကလည်း အရေးပါလာဦးမည်။

ထိုဥပဒေမူကြမ်းနှင့် ပတ်သက်၍ လူ့အခွင့်ရေးပညာပေးဌာန (မြန်မာနိုင်ငံ)အဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “လူ့အခွင့်ရေးကော်မရှင်အဖွဲ့ကို ဖွဲ့စည်းတဲ့အခါမှာ အစိုးရအဖွဲ့အစည်းတွေက ပါဝင်မှုများပြီး၊ လူထုအခြေပြု အဖွဲ့အစည်းတွေက ပါဝင်မှုနည်းတာကို တွေ့ရပါတယ်။ နောက်တစ်ချက်က လူ့အခွင့်ရေးကော်မရှင်ရဲ့ အစီရင်ခံစာ ကို သမ္မတနဲ့ လွှတ်တော်ကိုသာ တင်ပြနိုင်ရမယ်လို့ ပါတယ်။ ပြည်သူလူထုကို အသိပေးရမယ်လို့ မပါဘူး။ ဒီအချက်တွေကို ကျွန်တော်တို့အနေနဲ့ ထောက်ပြစရာရှိပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် လူ့အခွင့်အရေးကော်မရှင်က အကျဉ်းစခန်းများကို လေ့လာနိုင်သည်ဟု ဥပဒေက ဖော်ပြထားသော်လည်း ကြိုတင်အကြောင်းကြားရမည်ဟု ပါရှိသဖြင့် ကြိုတင်အကြောင်းကြားပါက အချို့သော လုပ်ဆောင်ချက်များနှောင့်နှေးမှု၊ လွဲချော်မှုရှိနိုင်သည်ဟုလည်း ဦးအောင်မျိုးမင်းက ပြောသည်။ ထို့ကြောင့် အဆိုပါ ဥပဒေနှင့် ပတ်သက်၍ လွှတ်တော်နှင့် ဆက်လက်ဆွေးနွေးရန် ရှိကြောင်းလည်း သူကဆိုသည်။

“အခု အထက်လွှတ်တော်က အတည်ပြုတယ်ဆိုပေမယ့် ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး တဲ့အခါ အကြံပြုသွားဖို့ ရှိပါတယ်။ အရှေ့တောင်အာရှ ၁၀ နိုင်ငံထဲမှာ ငါးနိုင်ငံမြောက် လူ့အခွင့်အရေးကော်မရှင်ပေါ်ပေါက်လာမယ့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးကော်မရှင်နဲ့ ပတ်သက်ပြီး အမှားအယွင်းမရှိဖို့အတွက် ထောက်ပြတာဖြစ်ပါတယ်”ဟုလည်း ဦးအောင်မျိုးမင်းက ဆိုသည်။

No comments: