Friday, August 30, 2013

လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှု တရားခံ ဖော်ထုတ်မပေးသေး၍ ဆားလင်းကြီးတွင် လူ ၁၀၀၀ ကျော် ဆန္ဒပြ

ဖိုးစိုးသူ | သောကြာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၃

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက်နှိမ်နင်းမှုအပေါ် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထိရောက်သော အရေးယူဖော်ထုတ်ပေးမှုများ မရှိသည့်အတွက် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာဒေသခံ ၁၂၀၀ ခန့်က သြဂုတ် ၂၉ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းကို ဆားလင်းကြီးမြို့နယ် တုံရွာထိပ်မှ စတင်ကာ ညောင်ပင်ကြီးဇက်ဆိပ်အထိ ဒေသခံ ၁၂၀၀ ခန့်က တရားဝင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆန္ဒပြရာတွင် ပါဝင်သူ တုံရွာသစ်မှ ဦးလေးဝင်းက “တိုင်းပြည်နဲ့ ပြည်သူ့မျက်နှာကိုမကြည့်ဘဲ လုပ်ငန်းတွေ ဆက်လုပ်နေတာ၊ ဒေသခံတွေအတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာ၊ မီးလောင်ဗုံးနဲ့ သံဃာတော်တွေအပေါ် အကြမ်းဖက်ဖြိုခွဲပြီး တရားခံကို မဖော်ထုတ်ပေးတာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပါဝင်လှုပ်ရှားပေး ခဲ့တဲ့လူတွေကို ၀ရမ်းထုတ်ထားတာတွေနဲ့ပတ်သက်ပြီး မကျေနပ်လို့ ဆန္ဒဖော်ထုတ်ရတာ” ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒပြမှုကို ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် တရားဝင် ခွင့်ပြုချက်ယူ၍ ဆန္ဒပြခြင်းဖြစ်ကာ ဆားလင်းကြီးမြို့နယ် အတွင်းရှိ မိုးကြိုးပြင်၊ တုံရွာသစ်၊ မြောက်ရွာ၊ တောင်ရွာ၊ ရွာသစ်၊ တုံရွာမ၊ ကောချောင်း၊ အလယ်တောကျေးရွာ အစရှိသော ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံများ ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်သူ ဒေါ်မြမြအေးကလည်း “ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေဖြစ်တဲ့အတွက် ဒေသခံရွာ သားတွေအတွက် အကန့်သတ်ဖြစ်ရတယ်။ ကျန်းမာရေးဆိုင်ရာဖြစ်လို့ ညအချိန်မြို့သွားဖို့တောင် မလွယ်တဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ဒါကြောင့် ပုဒ်မ ၁၄၄ကို ရုပ်သိမ်းပေးဖို့ ဆန္ဒဖော်ထုတ်တာပါ” ဟု ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ၀မ်ပေါင်ကုမ္ပဏီရှေ့တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၉ ရက်က သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်သော သံဃာများနှင့် ဒေသခံများအား အာဏာပိုင်များက အင်အားသုံး ဖြိုခွင်းခဲ့သည်။ ထိုသို့ ဖြိုခွင်းမှုကြောင့် သံဃာအပါး ၈၀ ခန့်နှင့် ဒေသခံများ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ နောက်ပိုင်းတွင် ဆန္ဒပြမှုများသည် မုံရွာအပြင် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင်လည်း ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ယခု ဒေသခံ ၁၂၀၀ ခန့် ဆန္ဒပြခြင်းသည် အကြမ်းဖက်နှိမ်နင်းမှု ကိုးလပြည့်သည့် နေ့လည်း ဖြစ်သည်။

ယင်းအပြင် အကြမ်းဖက်နှိမ်နင်းမှု ရှစ်လပြည့်သည့် ဇူလိုင် ၂၉ ရက်တွင်လည်း ရန်ကုန်မြို့တွင် Genera- tion Youths အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သေးသည်။

လက်ပံတောင်းတောင်စီမံကိန်း ရပ်တန့်သွားပြီး အကြမ်းဖက်ဖြိုခွဲသူများကို ဖော်ထုတ် အရေးယူဆောင်ရွက်ပေး သည်အထိ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဒေသခံ ဆန္ဒပြသူများက ဆိုသည်။

လက်ပံတောင်း ကြေးနီစီမံကိန်း လုပ်ငန်းစာချုပ်သစ်ကိုလည်း ဇူလိုင် ၂၄ ရက်က ပြင်ဆင်ချုပ်ဆိုခဲ့ပြီးဖြစ်သည်။ လက်ပံတောင်းတောင် စီမံကိန်းကြောင့် လက်ပံတောင်းဒေသတစ်ဝိုက် အပါအ၀င် ရန်ကုန်တွင်လည်း ဆန္ဒပြမှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။

No comments: