Friday, August 30, 2013

မြိတ်မှ အိန်္ဒိယသို့ ပြေးဆွဲမည့် နိုင်ငံဖြတ်ကျော် ဘတ်စ်ကားလိုင်း ဆီးဂိမ်းအမီ စတင်မည်

ယုဝေ

တနင်္သာရီတိုင်း မြိတ်မြို့မှ အိန်္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့သို့ နိုင်ငံဖြတ်ကျော် ဘတ်စ်ကားလိုင်း ပြေးဆွဲမည်ဖြစ်ပြီး ယင်းကားလိုင်းကို ဆီးဂိမ်းအမီပြေးဆွဲမည်ဖြစ်သည်ဟု ကားလိုင်းပြေးဆွဲမည့် Yangon Air Bus အသင်းဥက္ကဋ္ဌ ဦးသာနိုင်က သြဂုတ် ၂၈ ရက်က မဇ္ဈိမကို ပြောသည်။

အဆိုပါ နိုင်ငံဖြတ်ကျော် ဘတ်စ်ကားလိုင်းမှာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်တွင် စတင်ပြေးဆွဲရန် စီစဉ်နေသည်ဟုလည်း ၎င်းက ပြောသည်။

ဦးသာနိုင်က “မြန်မာ-အိန်္ဒိယ ချစ်ကြည်ရေးအသင်းနဲ့လည်း သြဂုတ် ၂၇ ရက်က အသင်းရုံးခန်းမှာ သွားရောက်ဆွေးနွေး ခဲ့ပါတယ်။ ဒီအတိုင်း ဘတ်စ်ကားလိုင်း သပ်သပ်ကြီးထက် နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးလမ်းကြောင်း သဘောမျိုး သက်ရောက်ချင်လို့ပါ”ဟု ပြောသည်။

အဆိုပါ ဘတ်စ်ကားလိုင်းသည် ၃၆ ယောက်ဆံ့ မီနီဘတ်စ်ကား လေးစင်းဖြင့် စတင်ပြေးဆွဲမည်ဖြစ်ပြီး တစ်ပတ်လျှင်လေးရက် ပြေးဆွဲမည်ဖြစ်ကာ နှစ်ညအိပ် သုံးရက်ခရီး ကြာမြင့်မည်ဖြစ်သည်။ ကားခမှာ ခရီးစဉ်တစ်ကြောင်းအတွက် ကျပ်ခြောက်သောင်းဖြစ်သည်။

ကားလိုင်းပြေးဆွဲမှုနှင့် ပတ်သက်ပြီး မြန်မာ-အိန်္ဒိယ ချစ်ကြည်ရေးအသင်း အတွင်းရေးမှူး ဦးရဲထက်က “ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေက အိန်္ဒိယသံရုံးနဲ့ ဆက်သွယ် ဆောင်ရွက်ပေးရမယ့်ကိစ္စတွေနဲ့ အချို့ကိစ္စတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးဖို့ပါ။ နှစ်နိုင်ငံ ချစ်ကြည်ရေးသဘောမျိုးပါ။ စီးပွားရေးဆိုင်ရာ ပတ်သက်မှုမျိုးတော့ မပာုတ်ပါဘူး”ဟု မဇ္ဈိမသတင်းဌာနသို့ ပြောသည်။

အဆိုပါဘတ်စ်ကားလိုင်းအား တိုးချဲ့ပြေးဆွဲရသည့် ရည်ရွယ်ချက်မှာ အိန်္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် ကုန်းလမ်းရေလမ်း ဆက်စပ်လျက်ရှိနေပြီး ယဉ်ကျေးမှုလည်း ဆက်နွယ်နေရာ နှစ်နိုင်ငံခရီးသွားများအနေဖြင့် စရိတ်သက်သာ စွာဖြင့် သွားလာ လည်ပတ်နိုင်စေရန်ဖြစ်သည်ဟုလည်း ဦးသာနိုင်က ဆိုသည်။

နယ်စပ်ဖြတ်ကျော်ခွင့်နှင့် ဗီဇာကိစ္စရပ်များနှင့် ပတ်သတ်၍လည်း ယခင်ထက် ပိုမိုလွယ်ကူလာပြီဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ အဆိုပါခရီးစဉ်မှာ မိုင် ၅၀၀ ခန့် ရှည်လျားမည်ဖြစ်သည်။

မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းကို ဖြတ်ကျော်၍ အိနိ္ဒယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့မှ တမူး- ကလေး- မုံရွာ- မန္တလေး- နေပြည်တော်- ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-မောင်တော-ပရာချက်-ထိုင်း-ဗန်ကောက်မြို့အထိ သွားနိုင်မည့် အာရှလမ်းမကြီးတစ်ခုကို ၂၀၁၈ ခုနှစ်တွင် ပေါ်ထွက်လာရန်လည်း ဆောင်ရွက်နေသည်။

No comments: