Friday, August 30, 2013

မလေးမှ ပြန်လာသူ အလုပ်သမား တစ်ထောင်ကျော် အလုပ်ရှာပေးပြီးဖြစ်

အေးမြင့်စန်း | သောကြာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၃

ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံမှ ပြန်လာသူ မြန်မာအလုပ်သမား ၁၀၀၀ ကျော်ကို အလုပ်ပြန်ရှာပေးပြီးဖြစ် သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသွင် က သြဂုတ် ၂၉ တွင် မဇ္ဈိမကို ပြောသည်။

မေလကုန်ပိုင်းက မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေရပ်ပြန်လာသူ မြန်မာအလုပ်သမား များမှ အလုပ်သမား ၁၀၀၀ ကျော်ကို သုံးလခန့်အတွင်း အလုပ်ရှာပေးထားခြင်းဖြစ်သည်။

မလေးရှားမှ ပြန်ရောက်လာသူများထဲမှ အလုပ်လျှောက်ထားသူ ၁၁၁၄ ဦးရှိရာမှ အလုပ်ရရှိသွားသူ ၁၀၁၉ ဦး အထိရှိနေပြီး စက်ရုံ၊ အလုပ်ရုံ၊ အထည်ချုပ်စက်ရုံများနှင့် ကုမ္ပဏီငယ်များ၊ ဟိုတယ်လုပ်ငန်းများတွင် အများဆုံး အလုပ်ရရှိသည်ဟု ဒေါ်မိုးမိုးသွင်က ပြောသည်။

၎င်းက “မလေးပြန်တွေကို အနိမ့်ဆုံးလစာ ရှစ်သောင်းကနေ လုပ်ငန်းကျွမ်းကျင်မှုအလိုက် လစာတိုးမြှင့် ခေါ်ယူ ကြတယ်။ အဲယားကွန်းပြုပြင်ခြင်းလုပ်ငန်း၊ ဟိုတယ်အလှဆင်လုပ်ငန်းနဲ့ ပြန်ဝင်လာသူတွေကို မလေးရှားက လုပ်ငန်းအတွေ့အကြုံတွေကြောင့် အမြင့်ဆုံးလစာပေးပြီး အလုပ်ရှင်တွေက ခေါ်ယူကြတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံရှိ လုပ်ငန်းရှင်များမှ မြန်မာအလုပ်သမားများကို ပြန်လွှတ်လိုပါက ပြန်လွှတ်နိုင်ကြောင်းနှင့်ပြန်ရောက်လာသူများကိုလည်း စက်မှုဇုန်များနှင့် ချိတ်ဆက်၍ အလုပ်ပြန်ရှာပေးမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ဇွန်လအတွင်းက ပြောကြားထားသည်။

ပြန်လာသူများထဲမှ ပြည်တွင်း၌ အလုပ်ပြန်ဝင်လိုသူများကို ရန်ကင်းမြို့နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ လုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် အလုပ်ရှင်များနှင့် တိုက်ရိုက် တွေ့ဆုံ
ပေး၍ လူတွေ့စစ်ဆေး အလုပ်ခန့်ထားခြင်းကို ဆောင်ရွက်ပေးနေပြီး ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည် ဟုလည်း ယင်းသင်တန်းကျောင်းအုပ် ဒေါ်ခင်မာအေးက ဇူလိုင်လအတွင်းက ပြောခဲ့သည်။

ယခု သြဂုတ်လကုန်ပိုင်းအထိ မလေးရှားနိုင်ငံမှ ပြန်ရောက်လာသူ မြန်မာအလုပ်သမား ၄၄၀၁ဦး ရှိပြီဖြစ်သည် ဟု နေပြည်တော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

No comments: