Saturday, August 31, 2013

ထားဝယ်မြို့၌ လယ်သိမ်းမရ၍ လယ်သမား တစ်ဦးအား ထောင်ဒဏ်ချမှတ်

ထားဝယ်လူငယ်အစည်းအရုံး

ထားဝယ်မြို့နယ်၊ ဝဲကျွန်းထိန်သစ် ရပ်ကွက်၊ ကမြောကင်းလမ်း၊ ကမြောကင်း တံတား နံဘေး၌ လက်ရှိ လယ်စိုက်ပျိုးလျှက် ရှိသော လယ်သမား ဦးစံလင်းအား ထားဝယ် ခရိုင် အုက်ချုပ်ရေးမှူး ဦးကျော်ဆွေမှ ၁၈၇၆ ခုနှစ်မြေယာနှင့် အခွန်တော် ဥပဒေ ပုဒ်မ (ဏ) ဖြင့် တရားစွဲဆိုကာ၂၆-၈-၂၀၁၃ (တနင်္လာနေ့) တွင် ဒဏ်ငွေ ၂၀၀နှင့် ထောင်ဒဏ် ၁ လကို ထားဝယ်မြို့နယ် တရားသူကြီး ဦးထွန်းလင်းက ချမှတ်ခဲ့သည်။

ဦးစံလင်းသည် ထားဝယ် ခရိုင်အတွင်း တရားမျှတမှု မရှိသည့် လယ်ယာမြေ သိမ်းဆည်းမှုနှင့် ပတ်သက်၍ ပထမဆုံး ထောင်ကျ ခံရသော လယ်သမား ဖြစ်သည်ဟု သမီးဖြစ်သူ မရွှေစင်ယုမှ ပြောကြားသည်။

“ထားဝယ် အများပိုင် ကုမ္ပဏီက လယ်မြေကို သိမ်းတယ်။ မူလပိုင်ရှင် ဆိုတာ ရှိပေမယ့် ကျွန်မ အဖေကို သူကိုယ်တိုင် လယ်မလုပ်နိုင်လို့ လယ်လုပ်ပိုင်ခွင့်ကို လွန်ခဲ့တဲ့ ၄နှစ် ခန့်လောက် ကတည်းက လွှဲပြောင်းပေးထားပြီး ကျွန်မတို့ တစ်မိသားစုလုံး ဒီလယ်ကို စိုက်လာခဲ့တာ ပတ်ဝန်းကျင်က လယ်သမားတွေ အကုန်လုံးလည်း အသိဘဲ။ ကျွန်မတို့က ဘာလျှော်ကြေးမှ မယူထားတော့ ထွက်ပေးစရာလည်း မလိုဘူး။ သူတို့ပေးတဲ့ လျှော်ကြေး ဆိုတာ ကျွန်မတို့ ဘဝအတွက် ဘာအာမခံချက်မှ မရှိဘဲ၊ လယ်သမား လယ်ပျောက်ရင် ထမင်း ငတ်မှာပေါ့၊ အခုတော့ ကုမ္ပဏီက လယ်ကို မတရား သိမ်းချင်တယ်၊ ကျွန်မတို့က အသိမ်းမခံဘူး၊ ကုမ္ပဏီကို ပေးချင်တော့ ခရိုင် အုပ်ချုပ်ရေးမှူးက တရားစွဲတယ်၊ ကျွန်မအဖေ ထောင်ကျတယ်၊ ကောင်းပါတယ်၊ ကျွန်မအဖေက ထားဝယ်မြို့ရဲ့ စံပြ လယ်သမား ဖြစ်သွားတာပေါ့” ဟု မရွှေစင်ယုက ဆက်လက် ပြောကြား ခဲ့သည်။

ဦးစံလင်းအား ထောင်ချ ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ထားဝယ် လယ်သမား များကလည်း သဘောမတူ ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး လယ်သမားများ၏ ဂုတ်သွေးစုတ် အမြတ် ထုတ်သည့် ‘ထားဝယ် အများပိုင် ကုမ္ပဏီ’ အား ထားဝယ် ခရိုင် အတွင်းရှိ လယ်သမားများ အနေဖြင့် ထားဝယ် လယ်သမားများ သမိုင်း၏ ကုမ္ပဏီဆိုး အဖြစ် သတ်မှတ်ကာ ထားဝယ်ခရိုင် အတွင်းရှိ လယ်သမား မိသားစုဝင် တိုင်း၏ သမိုင်း တာဝန် တစ်ရပ် ပမာ စဉ်ဆက် မပြတ် သပိတ်မှောက် သွားနိုင်သည် အထိ စည်းရုံး သွားမည် ဟု ထားဝယ် လယ်သမားများ အစည်းအဝေးမှ ထုတ်ပြန်ကြေငြာခဲ့သည်။

၂၇-၈-၂၀၁၃ (အင်္ဂါနေ့) တွင် ဦးစံလင်းအား ဂုဏ်ပြုသည့် အနေဖြင့် သူ၏ လယ်မြေ၌ စိုက်ပျိုးရန် ကျန်ရှိ နေသေးသော လယ်ကွက်များ၌ သူ၏ မိသားစု လယ်သမား များနှင့် အတူ စပါး စိုက်ပျိုး ကြမည်ဟု လယ်သမားများ ထံမှ သိရပါသည်။

No comments: