Friday, August 30, 2013

တပ်သိမ်းမြေကနေ မဖယ်ရင် သေနတ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်

ABC

ရန်ကုန်တိုင်းဒေသကြီး၊ ​ဒလမြို့နယ်၊ ​ရခိုင်ချောင်ကျေးရွာအုပ်စုရှိ ​တပ်သိမ်းလယ်ယာမြေတွေပေါ်က ​လယ်သမားတွေကို ​ပုဒ်မ ​၁၄၄ ​ထုတ်ပြန်ပြီး ​သြဂုတ်လ ​၃၁ ​ရက်နေ့ ​နောက်ဆုံးထားပြီး ​ဖယ်ရှားပေးဖို့ ​အာဏာပိုင်တွေက ​သတိပေးထားတယ်လို့ ​သိရပါတယ်။

ဖယ်ရှားမှုမလုပ်တဲ့ ​သူတွေကို ​ဧရာဝတီ ​ရေတပ် ​စခန်းဌာနချုပ် ​ရဲ့ ​ရေတပ်ပင်မ ​လက်နက်ခဲယမ်း ​မီးကျောက်တပ် ​(ရခိုင်ချောင်ဒေသ) ​ကနေ ​လက်နက်အသုံးပြုပြီး ​ဖယ်ရှားနိုင်တယ်ဆိုပြီး ​ပြောဆိုကြတယ်လို့ ​ ဒေသခံလယ်သမား ​တစ်ဦး ​ဖြစ်တဲ့ ​ဦးနိုင်ထွန်းကပြောပါတယ်။

ရခိုင်ချောင် ​ကျေးရွာ ​အုပ်စု ​မှာ ​ရှိတဲ့ ​လယ်မြေဧက ​၅၀၀ ​ကို ​၁၉၉၀ ​က ​စစ်တပ် ​က ​သိမ်းစည်းထားပြီး ​သီးစားချထားရာကနေ ​ခုအခါမှာ ​ပြောင်းရွေ့ဖို့ ​အာဏာပိုင်တွေ ​က ​ပြောလာတာဖြစ်ပါတယ်။

ဒီမြေပေါ်မှာ ​နှစ်ပေါင်းများစွာ ​လုပ်ကိုင်စားသောက်ကြတဲ့ ​လယ်သမားတွေ ​အနေနဲ့ ​ပြောင်းရွေ့မှုတွေ ​လုပ်ရတဲ့ ​အတွက် ​နေစရာနဲ့ ​လုပ်ကိုင်စားသောက်စရာ ​မရှိအောင် ​ဖြစ်ရတယ်လို့ ​ဒေသခံလယ်သမားတွေ ​ကပြောပါတယ်။

တပ်ကစီမံကိန်း ​မလုပ်တော့တဲ့ ​မြေတွေကို ​မှုလပိုင်ရှင် ​လယ်သမားတွေကိုပြန်ပေးမယ် ​ပြောပေမဲ့ ​လက်တွေ့ ​မှာတော့ ​တခြားစီ ​ဖြစ်နေတယ်လို့လည်း ​ဒလမြို့နေ ​လယ်သမား ​တစ်ဦးကပြောပါတယ်။

ရခိုင်ချောင်ဒေသက ​လယ်သမားတွေက ​သူတို့ရဲ့နစ်နာမှုတွေ ​နဲ့ ​ပတ်သက်ပြီးသမ္မတနဲ့ ​စစ်ရုံးကို ​ဖြေရှင်းပေးဖို့ ​အသနားခံစာ ​တင်ပြထားသလို ​လယ်ယာမြေတွေ ​ပေါ်က ​ဖယ်ရှားပေးရမဲ့ ​အရေးအတွက် ​လွှတ်တော် ​ကိုလည်း ​တင်ပြထားတယ်လို့ ​ဦးနိုင်ထွန်းကပြောပါတယ်။

စစ်တပ်က ​သိမ်းဆည်းထားတဲ့ ​မြေပမာဏဟာ ​ဧက ​၂၉၇,၀၀၀ ​ကျော်ရှိ ​ပြီး ​၁၆ ​ပုံတစ်ပုံဖြစ်သည့် ​ဧက ​၁၈,၃၀၀ ​ကျော်ကိုသာ ​ပြည်သူတွေကို ​ပြန်ပေးမယ် ​ဆိုပြီးတော့ ​ကာကွယ်ရေးဝန်ကြီး ​ဒုဗိုလ်ချုပ်ကြီးဝေလွင်က ​လွှတ်တော်အမတ်များတွေကို ​ကတိပေးပြောခဲ့တာဖြစ်တဲ့ ​အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​တင်ထွဋ်နိုင်က ​သတင်းပေးပို့ထားပါတယ်။

No comments: