Saturday, August 31, 2013

KIO အလုပ်အဖွဲ့နှင့် အစိုးရ နည်းပညာအထောက်အကူပြုအဖွဲ့တို့ စက်တင်ဘာမှာ မြစ်ကြီးနားမြို့တွင် တွေ့ဆုံမည်

ဖနိဒါ

ကချင်လွတ်လပ်ရေးအဖွဲ့ KIo ငြိမ်းချမ်းရေးလုပ်ငန်း ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့Technical Team နှင့်ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ၏ နည်းပညာ အထောက်အကူပြု အဖွဲ့တို့ လာမည့် စက်တင်ဘာလအတွင်း မြစ်ကြီးနားမြို့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း KIO အလုပ်အဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက် MPC က KIO ဘက်မှ ငြိမ်းချမ်းရေးလုပ်ငန်း ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့ Technical Team နှင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးကြရန် တရားဝင်စာပေးပို့မှုကို လက်ခံရရှိကြောင်း ပြန်ကြားစာပေးပို့ရန် ပြင်ဆင်နေသည်။

“သူတို့ စာပို့ထားတယ်။ ကျွန်တော်တို့လည်း လက်ခံရရှိကြောင်း အခု စာပြန်ဖို့ လုပ်နေတယ်။ အင်တာနက်ကော်နက်ရှင်က သိပ်အဆင်မပြေဘူး ဖြစ်နေတယ်။ ရက်အတိအကျ မသိသေးဘူး။ ရက်တော့ မသတ်မှတ်ရသေး ဘူး။ ဒါပေမဲ့ ဒီကြားထဲမှာ နောက်လတွေ့နိုင်ဖို့ အမြန်ဆုံးလုပ်နေတယ်”ဟု ဆရာဒေါင်ခါးက ပြောသည်။

ယခုအကြိမ်သည် ပထမဆုံး တွေ့ဆုံခြင်းဖြစ်၍ အစိုးရနှင့် KIO0 သဘောတူညီထားသော အချက် ခုနစ်ချက် အပေါ် ဆွေးနွေးသွားမည် ဖြစ်သည်။

“ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတာက ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အကန့်အသတ်ဖြစ်စေတဲ့ဟာတွေကို အရင်ရှင်းဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ ခုနစ်ချက် သဘောတူညီချက်တွေကို ဘယ်ကဏ္ဍတွေကို ဘယ်လို ၀ိုင်းလုပ်ကြမယ်ဆို ပြင်ဆင်မှုကို ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ဆရာဒေါင်ခါးက ပြောသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်က အစိုးရနှင့် KIO ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက်အရ အလုပ်အဖွဲ့ Technical Team ဖွဲ့စည်းမှုအား မြစ်ကြီးနားမြို့တွင် ကိုယ်စားလှယ်များနှင့်အတူ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်က ရုံးဖွင့်လှစ်ထားပြီး ဖြစ်သည်။

ထို့ပြင် နိုင်ငံရေးအရ ဆက်လက် ဆောင်ရွက်ရေး၊ နှစ်ဖက်တပ်များ ပစ်ခတ်မှုလျှော့ချရေး၊ စောင့်ကြည့်ကြီးကြပ်ရေး အဖွဲ့Join Mornitoring committeeဖွဲ့စည်းရေး၊ စစ်ပြေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေး၊ တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ညှိနှိုင်းဆောင်ရွက်ရေးတို့ သဘောတူညီထားသည်။

မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် ကမ်းလှမ်းထားသဖြင့် နှစ်ဖက်တွေ့ဆုံနိုင်မှု အကြောင်းကြားထားဆဲဖြစ်ပြီး စာလက်ခံနိုင်ခြင်း မရှိသော်လည်း မကြာမီ တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ဂေဟာ MPC မှ ဦးလှမောင်ရွှေက မဇိ္ဈမကို ပြောသည်။

“ကျွန်တော်တို့ဘက်က တွေ့ဖို့ သူတို့ကို ကမ်းလှမ်းထားတာ။ တရားဝင် စာပို့ထားပါတယ်။ သူတို့ အကြောင်းမပြန်သေးဘူး။ သူတို့ အဆင်ပြေတဲ့အချိန်တော့ တွေ့နိုင်မှာပါ။ သူတို့လည်း ပြင်ဆင်နေတဲ့ သဘောရှိပါတယ်”ဟု သူက မဇိ္ဈမကို ပြောသည်။

No comments: