Thursday, August 29, 2013

စီမံကိန်းလေးခုအတွက် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၂၆၀ ကျော်ချေးရန် အစိုးရ စီစဉ်

မင်းမင်း

သထုံတွင် တည်ဆောက်မည့် ဓာတ်အားပေးစက်ရုံ တစ်ခုတည်းအတွက် သန်း ၁၄၀ သုံးရန် လျာထား

အစိုးရ၏ စီမံကိန်းလေးခုတွင် အသုံးပြုရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ချေးယူမည်ဖြစ်ပြီး ထိုသို့ချေးယူမှုကို လွှတ်တော်က အတည်ပြုပေးရန် သြဂုတ်၂၆ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတက သ၀ဏ်လွှာ ပေးပို့လိုက်သည်။

ကမ္ဘာ့ဘဏ်က ချေးယူမည့် အဆိုပါ ကန်ဒေါ်လာ၂၆၁.၅၀ သန်းအနက်မှ လျှပ်စစ်ဝန်ကြီးဌာနက မွန်ပြည် နယ် သထုံမြို့တွင် တည်ဆောက်မည့် ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် အများဆုံး သုံးစွဲမည်ဖြစ်သည်။ ယင်းစီမံကိန်းအတွက် သုံးစွဲမည့် ငွေပမာဏမှာဒေါ်လာသန်းပေါင်း ၁၄၀ ရှိသည်ဟု သမ္မတ၏ သ၀ဏ်လွှာတွင် ရေးသားထားသည်။

အခြားစီမံကိန်းသုံးခုဖြစ်သည့် ပညာရေးဝန်ကြီးဌာန၏ ၂၀၁၄ မှ ၂၀၁၆ အထိ ပြုလုပ်မည့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်း နှစ်နှစ်စီမံကိန်းအတွက် ဒေါ်လာသန်း ၆၀၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်သူ့ဘဏ္ဍာစီမံမှုပြု ပြင်ပြောင်းလဲရေး စီမံကိန်းအတွက် ဒေါ်လာသန်း ၃၀ နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆက်သွယ်ရေး ဖွံ့ဖြိုးရန်ပြုလုပ်မည့် စီမံကိန်းအတွက် ဒေါ်လာ ၃၁.၅၀ သန်းတို့ သုံးစွဲရန် လျာထားကြောင်း သ၀ဏ်လွှာတွင် ဆက်လက် ပါရှိသည်။

ထိုချေးငွေများကို နှစ် ၄၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး ချေးယူသည့် ပမာဏ၏ ၀.၇၅% ကို ၀န်ဆောင်ခအဖြစ် အတိုးပေးသကဲ့သို့ နှစ်စဉ် ပေးချေရမည်လည်း ဖြစ်သည်။

ချေးယူမည့် ပမာဏအရ တွက်ချက်ကြည့်မည်ဆိုပါက နှစ်စဉ်ပေးရမည့် ထိုငွေမှာ တစ်နှစ်လျှင် ဒေါ်လာ နှစ်သန်းနီးပါး ကမ္ဘာ့ဘဏ်သို့ ပေးချေရမည့် သဘောဖြစ်သည်။

သြဂုတ် ၂၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွတ်တော် အစည်းအဝေးတွင် သမ္မတ၏ ယင်းသ၀ဏ်လွှာ မိတ္တူကို အမတ်အားလုံးကိုလည်း ဖြန့်ဝေပေးခဲ့သည်။ ထိုချေးငွေနှင့် ပတ်သက်၍ လွှတ်တော်က အတည်ပြု/ မပြုကိုမူ မဆုံးဖြတ်ရသေးပေ။

No comments: