Friday, August 30, 2013

လေကြောင်းပျံသန်းရေး မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ ယနေ့ သဘောတူ လက်မှတ်ရေးထိုးမည်

နိရဉ္စရာ

နှစ်နိုင်ငံ အကြား လေကြောင်းလိုင်းများ ပြေးဆွဲ ပျံသန်းရန် အတွက် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ အာဏာပိုင်များ အကြား ယနေ့တွင် လက်မှတ်ရေးထိုးမည်ဟု ဘင်္ဂလာဒေခ်ျ့ မီဒီယာများတွင် ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ လေကြာင်းဝန်ကြီး အငြိမ်းစား ဒု-ဗိုလ်မှူးကြီး ဖာရုဒ်ခန်မှ မြန်မာအာဏာပိုင်များနှင့် လေကြောင်းလိုင်းများ ပြေးဆွဲ ပျံသန်းနိုင်ရန် ယနေ့တွင် လက်မှတ်ရေးထိုးမည်ဟု မီဒီယာများသို့ အတည်ပြု ထုတ်ဖေါ် ပြောဆိုသည်။

မြန်မာနှင့် သဘောတူ စာချုပ် လက်မှတ်ရေးထိုးပြီးပါက ပုဂ္ဂလိက လေကြောင်းလိုင်းများနှင့် ကုန်တင် လေယာဉ်များ အနေဖြင့် ရန်ကုန်နှင့် ဒက္ကားအကြား ပျံသန်း ပြေးဆွဲနိုင်တော့မည်ဟု သူက ဆိုသည်။

လေကြာင်းလိုင်းများ တိုးချဲ့ ဖွင့်လှစ် ပျံသန်းခြင်းဖြင့် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမူကို ပိုမို ခိုင်မာ လာစေမှာ ဖြစ်သလို အခြားတစ်ဘက်တွင်လည်း နိုင်ငံခြား ခရီးသွား လုပ်ငန်းကို ပိုမို တိုးတက် ကောင်းမွန် လာစေမည် ဖြစ်ကြောင်း ဖာရုဒ်ခန်က ဆိုသည်။

ယင်းအပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကို ပိုမို တိုးတက် ကောင်းမွန်လာမည် ဖြစ်သလို နှစ်နိုင်ငံ ပြည်သူများ အကြား ဆက်သွယ်မူကိုလည်း တိုးမြှင့်လာစေမည်ဟု သူက ဆက်ဆိုသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ယခင်က တိုက်ရိုက် လေကြောင်းလိုင်း ရှိခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ အစိုးရပိုင် ဘီမန် Biman လေကြောင်းမှ ရန်ကုန်နှင့် စစ်တကောင်းအကြား ပျံသန်း ပြေးဆွဲခဲ့သော်လည်း အရှုံးပေါ်သဖြင့် ၂၀၀၇ ခုနှစ်က ရပ်နားခဲ့ရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား နှစ်နိုင်ငံ ကုန်သွယ်မူကို နယ်စပ်ကုန်သွယ်ရေးမှ တဆင့် လုပ်ကိုင်နေကြပြီး နယ်စပ်ကုန်သွယ်မူ သဘောတူညီချက်ကို ၁၉၇၃ နှင့် ၁၉၉၄ တို့တွင် တစ်ကြိမ်ကျစီ လက်မှတ်ရေးထိုးခဲ့သည်။

No comments: