Saturday, August 31, 2013

ကုမ္ပဏီက တွေ့ဆုံရန် ခေါ်ထားသော်လည်း တွေ့ခွင့်မရ၍ ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ မကျေနပ်ဟုဆို

ကေဇင်ဦး

ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်ပြီး တွေ့ဆုံရန်အတွက် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က မြန်မာ - တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ (MCPWC) ကို ဖိတ်ကြားခဲ့သော်လည်း တွေ့ဆုံခွင့်မရ၍ ကော်မတီအနေဖြင့် ကျေနပ်မှုမရှိကြောင်း ကော်မတီဝင်များက သြဂုတ် ၂၉ ရက်တွင် စာနယ်ဇင်းများကို ပြောသည်။

မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီဝင်များက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင်ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ ယင်းသို့ ပြောဆိုခြင်းဖြစ်ပြီး ၎င်းတို့ဘက်က တွေ့ဆုံရန် ပြောသည့် လူဦးရေထက် တစ်ဦးပိုများနေသောကြောင့် ကုမ္မဏီဘက်က တွေ့ဆုံခြင်းမရှိဟု ဆိုသည်။

သြဂုတ် ၂၉ ရက်တွင် တွေ့ဆုံရန်အတွက် ကော်မတီဝင်များသို့ သြဂုတ်တတိယပတ်အတွင်းကပင် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံမည့်နေ့တွင် လူတစ်ယောက်ပိုသည်ဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆိုခြင်း ဖြစ်သည်။

မြန်မာ- တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီမှ အကြံပေးတာဝန်ခံ ဦးတင်သစ်က “ကျွန်တော်တို့ ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့ကို သူတို့ကအရင်ဖိတ်တာပါ။ ပြီးတော့ တွေ့ဆုံမယ့်နေရာကိုလည်း ကျွန်တော်တို့ကိုရွေးချယ်ခွင့် မပေးပါဘူး။ သူတို့ကိုယ်တိုင် ရွေးချယ်ထားတဲ့ တွေ့မယ့်နေရာကိုလည်း မတွေ့ခင်တစ်နာရီအလိုမှာပြောင်းလဲလိုက်ပါတယ်။ ကျွန်တော်တို့သွားတော့ ကျွန်တော်တို့မှာ လူတစ်ယောက် ပိုနေတယ်ဆိုပြီး အတွေ့မခံတော့ပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

တွေ့ဆုံခွင့်ရပါက ကော်မတီအနေဖြင့် ပိုက်လိုင်းတစ်လျှောက် ဒေသခံများ၏ လယ်ယာမြေများ လျော်ကြေး အပြည့်အ၀ မရရှိမှုများ၊ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ သဘာဝပတ်ဝန်းကျင် အကျိုး သက်ရောက် မှု (EIA)၊ လူမှုဘ၀ သက်ရောက်မှု (SIA) စစ်တမ်းများ ကောက်ယူထားမှု ရှိမရှိ မေးမြန်းရန်၊ ထိုသို့ စစ်တမ်းများ ကောက်ယူထားပါက ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ အသိပေးရန်နှင့် မပြုလုပ်သေးပါကပြုလုပ်ရန် တိုက်တွန်းခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်း၏ လုံခြုံရေးနှင့် ပတ်သက်သော သိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးသွားရန်ရှိသည်ဟု ကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်းနိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ဓာတ်ငွေ့က လွှတ်နေပြီ။ လျော်ကြေးတွေက ခုထိ အပြည့်အ၀ မရကြသေးဘူး။ နောက်ပြီး ပိုက်လိုင်း လုံခြုံမှုကို ဘယ်လိုတာဝန်ယူမလဲ။ ပိုက်လိုင်းဖြတ်တဲ့နေရာတွေမှာ လက်နက်ကိုင်တပ်တွေရှိရင် ရှိ မယ်။ တောမီးလောင်ချင် လောင်မယ်။ ဒါတွေကြောင့် ပိုက်လိုင်း တစ်စုံတစ်ခုဖြစ်ရင် ဘယ်လို ဆောင်ရွက်ပေးမှာလဲ။ ဓာတ်ငွေ့က လွှတ်ပြီဆိုရင် ဒါတွေက ကြိုတင်လုပ်ထားဖို့လိုတယ်” ဟု ဆိုသည်။

မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီအနေဖြင့် ဇူလိုင် ၂၈ ရက်တွင် ပိုက်လိုင်းစီမံကိန်းမှ ရရှိမည့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိရန်၊ ရရှိသည့် ၀င်ငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ရန် အပါအ၀င် အချက် ၁၀ ချက်ကို မန္တလေးမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြီး တောင်းဆိုခဲ့သည်။

မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီကို ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပြီး ပိုက်လိုင်းနှင့် ပတ်သက်၍ တောင်းဆိုထုတ်ပြန်ချက် နှစ်ကြိမ် ပြုလုပ်ခဲ့သည်။ ယင်းအဖွဲ့သည် ပိုက်လိုင်း ဖြတ်သန်း ရာ ဒေသတစ်လျှောက်ရှိ သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်း ၁၈ ဖွဲ့ဖြင့် ဖွဲစည်းထားသော လူမှုအခြေပြု အဖွဲ့အစည်း တစ်ခုဖြစ်သည်။

အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ပို့လွှတ်ခြင်းကို ဇူလိုင် ၁၅ ရက်ကစတင်ခဲ့ပြီး ဇူလိုင် ၂၈ ရက်က ဓာတ်ငွေ့ပိုက်လိုင်းကို တရားဝင် ဖွင့်လှစ်ခဲ့သည်။

No comments: