Wednesday, August 28, 2013

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ခွင့်ပြုချက်မတင်၍ ဆန္ဒဖော်ထုတ်သဖြင့် ရဲစခန်းများက သတိပေး

ဖိုးစိုးသူ | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၃

နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးအရေးယူမှု အများဆုံးဖြစ်သည့် ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်သည့် ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန်အတွက် နိုင်ငံရေးအဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့အစည်းများက အင်အား ၅၀ ခန့်ဖြင့် သြဂုတ် ၂၇ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၌ ဆန္ဒဖော်ထုတ်ကြသည်။

ငြိမ်းချမ်းစွာ စုဝေး၍ ဆန္ဒဖော်ထုတ်သော ပြည်သူများအား ပုဒ်မ ၁၈ တပ်၍ တရားစွဲမှုကို မကျေနပ်သည့်အတွက် ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကာ ရန်ကုန်မြို့တွင်း မြို့နယ်၇မြို့နယ်သို့ လှည်လည့် ဆန္ဒဖော်ထုတ်ခဲ့သည်။

ဆန္ဒပြရာတွင် ပါဝင်သူ ဦးဇော်ဝင်းက “ပုဒ်မ ၁၈ ကို ပြင်ဖို့အတွက် လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် အချို့က ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေကို ပြင်ဖို့ အဆိုတင်ကြတယ်။ ကျွန်တော်တို့ကလည်း လွှတ်တော်ပြင်ပကနေ နိုင်ငံရေး လုပ်တာပါ။ ဒီလို ဆန္ဒဖော်ထုတ်ဖို့အတွက် ကျွန်တော်တို့ ခွင့်ပြုချက် မတောင်းခံခဲ့ပါဘူး။ ဒီပုဒ်မ ၁၈ ကို အလိုမရှိကြောင်း ဖျက်သိမ်းစေချင်တာကြောင့် ခွင့်ပြုချက် မတောင်းခံရခြင်းဖြစ်တယ်”ဟု ပြောသည်။

ပုဒ်မ ၁၈ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်သူများသည် စမ်းချောင်း၊ အလုံ၊ ပန်းဘဲတန်း၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ ကျောက်တံတား အစရှိသည့် မြို့နယ်များတွင် “ပုဒ်မ ၁၈ အလိုမရှိ” “ပုဒ်မ ၁၈ အမြန်ဖျက်သိမ်းပေး ဒို့အရေး”ဟူသောကြွေးကြော်သံများကို ကြွေးကြော်ခဲ့ပြီး ဖြတ်သန်းခဲ့သောမြို့နယ်များမှ ရဲစခန်း တာဝန်ရှိသူများမှ သတိပေးခြင်းကို ခံရကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ မခင်မျိုးသန်းက ဆိုသည်။

၎င်းက “ပုဒ်မ ၁၈ ကို ဖျက်ပေးသည်အထိ ဆန္ဒဖော်ထုတ်သွားမှာပါ။ အကြိမ်ကြိမ် ဆန္ဒပြလို့ ထူးခြားမှုမရှိရင်လည်း ဆန္ဒပြပြီး လူတွေသိအောင် အားလုံး ပါဝင်လာနိုင်တဲ့အထိ တောင်းဆိုသွားကြမှာပါ ။ ပုဒ်မ ၁၈ ကြောင့် နိုင်ငံသား အခွင့်ရေးတွေ ဆုံးရှုံးရပါတယ်။ ဒါကြောင့် တစ်ကြိမ်ပြီး တစ်ကြိမ် ဆန္ဒဖော်ထုတ်သွား မယ်”ဟု ပြောသည်။

ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ဆန္ဒဖော်ထုတ်သောကြောင့် ပါဝင်သူများဖြစ်သည့် ကိုတင်ထွဋ်ပိုင်၊ မနီလာဟန်၊ ကိုစည်သူ၊ ကိုဋ္ဌေးအောင်၊ ကိုသန်းဆွေတို့အား ခေါ်ယူတွေ့ဆုံ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျောက်တံတားမြို့ နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ပုဒ်မ ၁၈ ကို ရန်ကုန်မြို့တွင် Generation Youths ၊ Generation Wave ၊ အလုပ်သမား အကူညီပေးအဖွဲ့၊ လယ်သမား အကူအညီပေးအဖွဲ့နှင့် ပုဒ်မ ၁၈ အလိုမရှိသူများက အကြိမ်ကြိမ် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သော် လည်း ထူးခြားမှုမရှိကြောင်း ဆန္ဒပြသူများက ဆိုသည်။

သြဂုတ် ၂၇ ရက် ဆန္ဒပြရာတွင် Generation Wave ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ပုဒ်မ ၁၈ အလို မရှိသူများ ၅၀ ခန့် ပါဝင်သည်။

No comments: