Thursday, August 29, 2013

ဖုန်းမက်ဆေ့ခ်ျမှတစ်ဆင့် အင်တာနက်လျှောက်သည့် အရေအတွက် တစ်လမပြည့်မီ တစ်သိန်းကျော်

ချိုကို | ကြာသပတေးနေ့၊ သြဂုတ်လ ၂၉ ရက် ၂၀၁၃

ဖုန်းမက်ဆေ့ခ်ျမှတဆင့် SMS (စာတိုပို့စနစ်)ဖြင့် အင်တာနက်ပေးပို့လျှောက်ထားသည့် အရေအတွက်သည် တစ်လနီးပါး အချိန်တွင် ၁၃၀,၀၀၀ ခန့်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က သြဂုတ် ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ဖုန်းမက်ဆေ့ခ်ျဖြင့် အင်တာနက်လျှောက်ထားနိုင်ခြင်းကို သြဂုတ် ၁ ရက်က စတင်လိုက်ခြင်းဖြစ်ရာ ၂၈ ရက်အတွင်းလျှောက်ထားသူ ၁၃၀,၀၀၀ ခန့်ရှိခြင်းဖြစ်သည်။ ယင်းသို့ခွင့်ပြုပြီးနောက်ပိုင်းရုံးသို့ လာရောက်လျှောက်ထားခြင်းကို လက်မခံတော့ဘဲ ဖုန်းမက်ဆေ့ခ်ျဖြင့် အင်တာနက် လျှောက်ထားမှုကိုသာ လက်ခံသည်ဟု လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ဦးအောင်ကျော်သက်က “SMS နဲ့ အင်တာနက်လျှောက်တာကို Prepaid (ကြိုတင်ငွေဖြည့်ကတ်သုံး) ဖုန်းတွေပဲလျှောက်လို့ရမယ်။ အခုလောလောဆယ်တော့ SMS ဖုန်းတွေပဲ အင်တာနက်လျှောက်လို့ ရဦးမယ်။ CDMA ကတော့ အဆင်သင့်မဖြစ်သေးလို့ အင်တာနက်လျှောက်လို့မရသေးဘူး”ဟု ပြောသည်။

မိုဘိုင်းအင်တာနက်ကို ဖုန်းမက်ဆေ့ခ်ျပေးပို့လျှောက်ထားရာတွင် ၁၃၃၁ နံပါတ်သို့ “Order data service” ဟူသော စာသားကို SMS ပေးပို့ရမည်ဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် ဖုန်းဘီလ် အနည်းဆုံးကျပ် ၁၀,၀၀၀ အထက်ဖြည့်သွင်းထားရမည်ဖြစ်ပြီး အင်တာနက်လိုင်းရရှိပါက“You Have Order Data Service Successfully “ စာသားကိုပြန်လည်ပေးပို့ကာ မိမိဖုန်းဘီလ်မှ ကျပ် ၁၀,၀၀၀ ကို အလိုအလျောက် ဖြတ်တောက်မည်ဖြစ်သည်။

ယခင်က ဆက်သွယ်ရေးရုံးများတွင် အင်တာနက်လိုင်းသွားရောက်လျှောက်ထား၍ အင်တာနက်လိုင်း မဖွင့်ပေးသေးသည့်အချိန်တွင် ထပ်မံ၍ SMS ပေးပို့သည့်စနစ်ဖြင့် အင်တာနက်လျှောက်ထားပါက အင်တာနက်လိုင်း အသုံးပြုခ နှစ်ကြိမ်ဖြတ်တောက်သွားမည်ဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးက ပြောသည်။

“တချို့က ရုံးမှာသွားပြီး ငွေပေးချေကာ အင်တာနက်ဖွင့်ထားတာ။ အဲဒီအချိန်မှာ လိုင်းမပွင့်သေးတဲ့အခါကျတော့ ဒီ SMS နဲ့ ထပ်ပို့ပြီး လျှောက်ထားတယ်ပေါ့။ အဲဒီအခါ ပိုက်ဆံ ထပ်ဖြတ်သွားတော့ နှစ်ခါကုန် ဖြစ်သွားတာပေါ့” ဟု ဦးအောင်ကျော်သက်က ပြောသည်။

SMS ပေးပို့ကာ မိုဘိုင်းအင်တာနက် လျှောက်ထားသည့်စနစ်သည် အချိန်ကုန်သက်သာပြီး အချိန်တိုအတွင်း အင်တာနက်လိုင်း ဖွင့်ပေးသည့်အတွက် အဆင်ပြေသည်ဟု လျှောက်ထားသူအများစုက ပြောသည်။

ဖုန်းမက်ဆေ့ခ်ျဖြင့် အင်တာနက်လျှောက်ထားသူ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက “ဖုန်းကနေ အင်တာနက်လျှောက်တာ တော်တော်လေးအဆင်ပြေပါတယ်။ ရုံးကိုလည်း သွားစရာမလိုတော့ဘူး။ ချက်ချင်းလည်း ရတယ်။ ဒီလိုအဆင်ပြေအောင်လုပ်ပေးတာ ကောင်းပါတယ်”ဟု ဆိုသည်။လက်ရှိတွင် မိုဘိုင်ဖုန်းဖြင့် အင်တာနက်အသုံးပြုသူ ခုနစ်သိန်းခန့်ရှိသည်။

No comments: