ABC
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း မုံရွာခရိုင်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး တောင်းဆိုဖို့အတွက် ဆန္ဒပြဖို့ကြိုစားခဲ့တဲ့ အမျိုးသမီးကွန်ယက်အဖွဲ့က ဒေါ်နော်အုန်းလှကို မနေ့က မုံရွာတရားရုံးကနေပြီး ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဒေါ်နော်အုန်းလှကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ရက်နေ့ ညနေမှာ ဖမ်းဆီးအမှုဖွင့်ခဲ့တာဖြစ်ပြီးတော့ ၂၇ရက်နေ့မှာ မြို့နယ် မယက အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆွေက တရားလိုလုပ်ပြီး စတင်ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ တရားရုံးက ဒေါ်နော်အုန်းလှကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅နဲ့ မနေ့က ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်အပေါ် သူ့ရဲ့ ရှေ့နေ ဦးရောဘတ် ဆန်းအောင် က အခုလိုပြောပြပါတယ်။
“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ ပုဒ်မခွဲ ခ အရ ထောင်ဒဏ် ၂ နှစ်ချတယ်။ ရှေ့လထဲမှာ အယူခံကို တင်မှာပါ။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ခ ခွေးဆိုတာက ရဲ အရေးပိုင်တဲ့ အမှုမဟုတ်ပါဘူး။ သူတို့ က ရဲအရေးမပိုင်တဲ့အမှုပုံစံနဲ့ ဖွင့်ပြီးတော့ တရားရုံးကို တရားစွဲတင်ပါတယ်။ နော်အုန်းလှကို ဖမ်းပြီမှ အမှုဖွင့်တာ ဖြစ်ပါတယ်။ ဖမ်းတဲ့အချိန်မှာလည်းပဲ သူက ပြစ်မှုမညှိစွန်းသေးဘူးလို့ပဲ ပြောရမှာပေါ့။”
ဒေါ်နော်အုန်းလှကို ထောင်ဒဏ်မချမှတ်ခင် သြဂုတ်လ ၂၈ ရက်နေ့မှာ ဒေါ်နော်အုန်းလှရဲ့ ရှေ့နေမပါပဲနဲ့ အတင်းရုံးတင်ခဲ့သလို မနေ့ကအမိန့်ချမှတ်ချိန်မှာလည်း သူမရဲ့ရှေ့နေ တက်ရောက်နိုင်ခြင်းမရှိတဲ့အတွက် ဒါဟာ တရားမျှတမှုမရှိဘူးလို့ သူမရဲ့ ရှေ့နေ ဦးရောဘဆန်းအောင်က ပြောပါတယ်။
ဒေါ်နော်အုန်းလှ ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ်ကျခံထားရချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရားမှာ ဦးဆောင်ဝတ်ပြုဆုတောင်းပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။
မြစ်ဆုံ ရေကာတာတည်ဆောက်မှု ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စတဲ့ ဆန္ဒပြတောင်းဆိုမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၁၉ ၉ ၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ၆ ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသူဖြစ်ကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်နော်အုန်းလှကို ထောင်ဒဏ်ချမှတ်လိုက်တဲ့ တရက်ထဲမှာပဲ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသက တုံရွာမှာ လက်ပံတောင်းစီမံကိန်း ဖျတ်သိမ်းရေး၊ မီးလောင်ဗုံးနဲ့ အကြမ်းဖက်ခံရတဲ့အမှု ဖော်ထုတ်ပေးရေးတို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေသခံတွေကို ဆန္ဒပြခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment