Friday, August 30, 2013

တရုတ်မြန်မာ ပိုက်လိုင်းတစ်လျှောက် လယ်ယာမြေ ပျက်ဆီးမှုတွေ ဖြစ်ပေါ်နေ

ABC

တရုတ် ​CNPC ​ကုမ္ပဏီက ​လုပ်ဆောင်နေတဲ့ ​မြန်မာ ​တရုတ် ​သဘာဝဓါတ်ငွေ့ ​ပိုက်လိုင်း ​တစ်လျှောက်မှာ ​မိုးတွင်းကာလအတွင်း ​လယ်ယာမြေ ​ပျက်ဆီးဆုံးရှုံးမှုတွေ ​ဖြစ်ပေါ်နေတယ်လို့ ​မြန်မာ-တရုတ်ပိုက်လိုင်း ​စောင့်ကြည့်ရေး ​ကော်မတီက ​ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ​ရှမ်းပြည်နယ်အထိ ​သွယ်တန်း ​ထားတဲ့ ​တောင်တန်း ​တစ်လျှောက်မှာ ​လယ်ယာမြေ ​ဆုံးရှုံးမှုတွေ ​ဖြစ်ပေါ်နေတာလို့ ​မြန်မာ- ​တရုတ် ​ပိုက်လိုင်း ​စောင့်ကြည့်ရေး ​ကော်မတီဝင် ​စိန်းရောင်စို ​အဖွဲ့ ​ခေါင်းဆောင် ​ဦးတင်သစ်က ​ပြောပါတယ်။

“ရခိုင်တို့ ​ရှမ်းတို့မှာ ​ဆိုရင် ​တောင်တွေပေါ်ကနေ ​ဖြတ်ပြီးတော့ ​ပိုက်လိုင်းက ​တည်ဆောက်ထားတာ။ ​ဆောက်တဲ့အခါမှာ ​အဲဒီမှာ ​သူတို့ ​မြေတွေ ​အများကြီး ​ဖွပစ်တာရှိတယ်။ ​မြေတွေ ​ဖုံးထားတာရှိတယ်။ ​မိုးရွာတဲ့အခါကြတော့ ​အဲဒီမြေတွေ ​အကုန်လုံးက ​တောင်အောက်ကို ​စီးပြီးတော့မှ ​အဲဒီမြေဇာတွေကဘဲ ​ရေနဲ့ပါလာပြီးတော့ ​စိုက်ထားပျိုးထားတဲ့ ​အခင်းတွေထဲ ​ဝင်ကုန်တယ်။ ​အဲဒီ ​မြေဇာတွေထဲမှာ ​ခဲတွေ၊ ​ကျောက်တွေပါပါလာတယ်။ ​စိုက်ထားတဲ့အပင်ကော ​စိုက်တဲ့မြေတွေကော ​ထပ်ပြီး ​ပျတ်ဆီးတာ ​ရှိတယ်။ ​ဒါသူတို့ ​ပိုက်လိုင်းဖြတ်သွားတဲ့ ​မီတာ ​၃၀ ​နဲ့ ​မဆိုင်ဘူးနော်။ ​တိုက်ရိုက်မဟုတ်ဘဲနဲ့ ​အခုမိုးရွာပြီဆိုတာနဲ့ ​ကြုံရတဲ့ ​ပြဿနာ ​တွေပဲ”


ပိုက်လိုင်းတည်ဆောက်ထားတဲ့ ​မြို့နယ် ​၂၁ ​ခုမှာ ​သိမ်းဆည်းခံထားရတဲ့ ​မြေယာတွေအတွက် ​လျော်ကြေးငွေတွေ ​အပြည့်အဝ ​မရရှိသေးသလို ​ဂက်စ်လိုင်းစတင်တဲ့ ​ရခိုင်ပြည်နယ် ​မဒေးကျွန်း ​ပင်လယ်ပြင်မှာ ​CNPC ​ကုမ္ပဏီကနေ ​လုပ်ငန်းအတွက် ​မိုင်းခွဲခဲ့တဲ့အတွက် ​သန္တာကျောက်တန်းတွေ ​ပျက်စီးခဲ့ပြီး ​ရေနေသတ္တဝါတွေ ​သေဆုံးခဲ့တဲ့အပြင် ​ငါးဖမ်းလုပ်ငန်းတွေလည်း ​အခက်အခဲတွေ၊ ​ကန့်သတ်ချက်တွေ ​လုပ်ခံနေတယ်လို့လည်း ​ဆိုပါတယ်။

စီမံကိန်းဒေသတွင်းမှာ ​ဒေသဖွံဖြိုးရေး ​လုပ်ငန်းတွေ၊ ​အလုပ်အကိုင်အခွင့်အလမ်းတွေ ​ရရှိစေမယ်လို့ ​ပြောဆိုခဲ့ပေးမယ့်လည်း ​ကျောက်ဖြူမြို့နယ်မှာ ​အခုချိန်ထိ ​မီတာခ ​တစ်ယူနစ်ကို ​ကျပ်ငွေ ​၆၀၀ ​လောက်ပေးဆောင်နေရဆဲ ​ရှိသေးတယ်လို့ ​ဦးတင်သစ် ​ကပြောဆိုခဲ့ပါတယ်။

ကော်မတီအနေနဲ့ ​ပိုက်လိုင်းတစ်လျှောက်က ​ထိခိုက်နစ်နာမှုတွေကို ​ကုမ္ပဏီအပြင် ​အစိုးရအဖွဲ့တွေကို ​တင်ပြထားပေမယ့် ​ကျေနပ်လောက်တဲ့ ​ဖြေရှင်းမှု ​မရှိသေးဘူးလို့ ​မြန်မာ-တရုတ် ​ပိုက်လိုင်းစောင့်ကြည့်ရေး ​ကော်မတီက ​တာဝန်ခံ ​မစနိုးက ​ပြောပါတယ်။

“ပိုက်လိုင်းတစ်လျှောက်မှာရှိတဲ့ ​ထိခိုက်နစ်နာဆုံးရှုံးမှုတွေက ​လူမှုရေး ​ထိခိုက်နစ်နုာ ​ဆုံးရှုံးမှုတွေရှိတယ်။ ​သဘာဝပက်ဝန်းကျင် ​ဆိုင်ရာ ​ထိခိုက်ဆုံးရှုံးမှုတွေ ​ရှိတယ်။ ​အဲဒါတွေကို ​ကျွန်မတို့က ​အစီရင်ခံစာတွေ၊ ​ကြေညာစာတမ်းတွေ ​ထုတ်ပြီးတော့ ​ဒီသက်ဆိုင်ရာ ​ကုမ္ပဏီတွေကော၊ ​အစိုးရတွေကော ​ကျွန်မတို့က ​ဒါတွေကို ​ဖြေရှင်းပေးပါ။ ​ပြည်သူလူထုတွေက ​ဒီလိုဒီလိုမျိုး ​နစ်နာ ​နေတယ်ပေါ့နော်။ ​အချက်ကျကျ ​ဂျက်ကျကျစုံစမ်းပေးတယ်။တင်ပြထားတယ်။ ​ဒါပေမယ့် ​အစိုးရဘက်ကကော ​ကုမ္ပဏီ ​ဘက်က ​ကော ​ကျေနပ်လောက်တဲ့ ​အထိကို ​ဖြေရှင်းချက်မရှိဘူး။”

သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ​ကျောက်ဖြူမြို့နယ်၊ ​မဒေးကျွန်းပေါ်ကနေ ​အမ်းမြို့နယ်၊ ​အဲဒီကတစ်ဆင့် ​မကွေးတိုင်း၊ ​မန္တလေးတိုင်းနဲ့ ​ရှမ်းပြည်နယ်တို့ကိုဖြတ်ပြီး ​တရုတ်နိုင်ငံ ​နန်နင်းမြို့အထိ ​သွယ်တန်းထားတာဖြစ်ပြီး ​ရေနံပိုက်လိုင်းအရှည်က ​၇၉၃ ​ကီလိုမီတာ ​ရှိတယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: