Thursday, August 29, 2013

လေယာဉ်သုံးစင်းနှင့် ပြေးဆွဲနေသောလေကြောင်းလိုင်းနှင့် ဂျပန်လေကြောင်းလိုင်း ပုးပေါင်းမည်

သီဟကိုကို | ကြာသပတေးနေ့၊ သြဂုတ်လ ၂၉ ရက် ၂၀၁၃

ပြည်တွင်းခရီးစဉ်များကို လေယာဉ်သုံးစင်းဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသော Asian Wings Airways အား ကမ္ဘာ့အဆင့် မီ All Nippon Airways က အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Asian Wings လေကြောင်းလိုင်း တာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။

ဂျပန်နိုင်ငံ၏ အကြီးဆုံးလေကြောင်းဖြစ်ပြီး လေယာဉ်စင်းရေ ၂၂၆ စင်း ပျံသန်းပြေးဆွဲလျက်ရှိသော ကမ္ဘာ့အဆင့်မီ ANA (All Nippon Airways) နှင့် ပြည်တွင်းအခြေစိုက်Asian Wings လေကြောင်းလိုင်းတို့သည် ယခုနှစ်နှစ်ကုန်ပိုင်းတွင် အကျိုးတူပူးပေါင်းသောစာချုပ်ကို အပြီးသတ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း Asian Wingsလေကြောင်းလိုင်း အမှုဆောင်ဒါရိုက်တာ ဦးလွင်မိုးက ပြောသည်။

နိုင်ငံတကာလေကြောင်းလိုင်းနှင့် ပြည်တွင်းလေကြောင်းလိုင်းတို့ အကျိုးတူပူးပေါင်းခြင်းသည် ပထမဆုံးဖြစ်ကာ ANA မှ Asian Wings လေကြောင်းလိုင်း ရှယ်ယာ ၄၉ ရာခိုင်နှုန်းအား ၀ယ်ယူသွားမည်ဖြစ်သည်။ ငွေကြေးပမာဏကိုမူ လက်ရှိအနေအထားများအရ ပြောဆိုင်နိုင်ခြင်းမရှိသေးကြောင်း ဆိုသည်။

ဦးလွင်မိုးက “၂၀၁၅ ခုနှစ်မှာ စတင်အကောင်အထည်ဖော်မယ့် Open Asean Sky Policy အတွက် ကြိုးစားပြင်ဆင်တာဖြစ်ပါတယ်။ ANA က Asian Wings ကို နိုင်ငံတကာအဆင့်မီလေကြောင်းလိုင်း တစ်လိုင်းဖြစ်လာအောင် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာလည်းဖြစ်တယ်” ဟု ပြောသည်။

Asian Wings လေကြောင်းလိုင်းနှင့် ANA တို့ အကျိုးတူပူးပေါင်းသည့်ခရီးစဉ်များကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ခန့်တွင် စတင်ပျံသန်းပြေးဆွဲနိုင်မည်ဟု ခန့်မှန်းထားသည်။ ၂၀၁၈ ခုနှစ်မတိုင်ခင်တွင်လည်း အကြိုသဘောတူညီချက် များအရ Air Bus 230 လေယာဉ် ၁၀ စင်းခန့်အား Aisan Wings လေကြောင်းလိုင်းများတွင် ထည့်သွင်းပြေးဆွဲ သွားမည်ဖြစ်ကြောင်း ဦးလွင်မိုးက ပြောသည်။

ဦးလွင်မိုးက “အကြိုသဘောတူချက်တွေအရ ပြည်တွင်းခရီးစဉ်တွေတင်မက ပြည်ပခရီးစဉ်အစီအစဉ်တွေလည်း ရှိတယ်။ ရည်ရွယ်ထားတာကတော့ အနီးအနား နိုင်ငံတွေကို ပြေးဆွဲသွားမယ်။ ဒီကနေ နိုင်ငံတကာပျံသန်းပြေးဆွဲဖို့ကတော့ ကွန်ရက်ရနိုင်မယ့်နေရာတွေကို ဈေးကွက်ဆာဗေးတွေ အများကြီးလုပ် ရပါဦးမယ်”ဟု ပြောသည်။

ပြည်တွင်းလေကြောင်းလိုင်းများအကြားတွင် ပြည်ပလေကြောင်းလိုင်းများနှင့် ဖက်စပ်လုပ်ကိုင်ခြင်းနှင့် ပတ်သက်ပြီး အကန့်အသတ်ထားရန် မူအားဖြင့် သဘောတူထားခဲ့သော်လည်း Asian Wings Airways က ချိုးဖောက်သည်ဟုဝေဖန်ခံနေရခြင်များအပေါ် ဦးလွင်မိုးက “ANA နဲ့ လွန်ခဲ့တဲ့တစ်နှစ်လောက်က စပြီး ညှိနှိုင်းကတည်းက သက်ဆိုင်ရာနိုင်ငံတော်အစိုးရဌာနများရဲ့ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ခဲ့တာပါ” ဟု ဆိုသည်။

ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအားလည်း နိုင်ငံတော်မှချမှတ်ထားသော ခွင့်ပြုမိန့်များ ရယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆိုသည်။

Asian Wings လေကြောင်းလိုင်းသည် ၂၀၁၀ နှစ်ကုန်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်မှ စတင်ကာ ပြည်တွင်း ခရီးစဉ် ၁၃ ခုအား ပြေးဆွဲခဲ့သည်။

Asian Wings လေကြောင်းလိုင်းအား စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းမှ ပိုင်ဆိုင်မှု ပါဝင်သည်ဟု သတင်းများထွက်ပေါ်နေမှုအားလည်း Asian Wings လေကြောင်းလိုင်းမှ တာဝန်ရှိသူများက ငြင်းဆို သွားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ပြည်တွင်းလေကြောင်းလိုင်း ခြောက်ခု၊ နိုင်ငံတကာလေကြောင်း လိုင်းနှစ်ခုတို့ကလေယာဉ်စီးရေ ၄၆ စင်းဖြင့် ခရီးစဉ်များ ပြေးဆွဲလျက်ရှိသည်။

No comments: