Thursday, August 29, 2013

အမျိုးသမီးနှင့် အမျိုးသား ခွဲခြားခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြီးဆုံး

ဖြူဖြူကို

ယနေ့ နံနက်တွင် ရန်ကုန်မြို့ ပန်တာ (Panta) ဟိုတယ်၌ Gender and Development Initiative (GDI) အဖွဲ့ မှ ဆလိုင်းအိုက်ဒက်စ် ဦးဆောင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် များတွင် အမျိုးသမီး နှင့် အမျိုးသား တန်းတူ ညီမျှမှု သဘော တရားထည့်သွင်း ပါဝင် စေခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ် သွားသည်ဟုGender Program Officer နော်နေဇာထွေးက ဆိုပါသည်။

“နားလည် လွယ်အောင် ပြောရရင် ပညာရေးမှာ အမျိုးသမီးတွေက အမျိုးသားထက် အမှတ်များမှ ဆေးကျောင်း တတ်ခွင့် ရှိတာတွေ၊ ကျန်းမာရေးမှာ ဆိုရင်လည်း အမျိုးသမီးနဲ့ အမျိုးသား(HIV) အပေါင်း လက္ခဏာ ရှိခြင်း တူတူ လူမှု ဆက်ဆံပုံ မတူတာတွေ၊ ဓလေ့ ထုံးတမ်းအရ အမျိုးသမီးကို နှိမ့်ချ ဆက်ဆံတာတွေ အခုလို ခွဲခြား ဆက်ဆံမှု မရှိအောင် ဆွေးနွေးပွဲ ကို ပြုလုပ် ရခြင်းဖြစ်တယ်” လို့ဆိုပါသည်။

ဤအစီစဉ်အတွက် ပူးပေါင်း ပါဝင်ကြသည့် အဖွဲ့အစည်းများမှာ မြန်မာ အမျိုးသမီး စွမ်းဆောင် ရှင်များ အသင်း၊ ရခိုင် သဟာရ အသင်း၊ HIV/AIDS ကာကွယ် တားဆီးရေး အဖွဲ့(3M)၊ Myanmar positive women network (MPWN)နှင့် ပျိုးပင် အဖွဲ့ (PLANT) တို့ ဖြစ်ပါသည်။

သုတေသန ပြုလုပ် ထားခဲ့ သည်မှာ တချို့လွတ်တော် ထဲတွင် အမျိုးသမီးများ ပါဝင်မှု အားနည်းခြင်း၊ အမျိုးသမီး အတွက် ကာကွယ် ပေးသည့် ဥပဒေ မရှိခြင်း၊ ဓလေ့ ထုံးတမ်း အရအမျိုးသမီး များကို တဆင့် နှိမ်ထားခြင်း၊ လုပ်ငန်းခွင် တွင်လည်း ခွဲခြား ဆက်ဆံခြင်းနှင့် အမျိုးသမီးများ မိမိ အခွင့်အရေး ဆုံးရှုံးသည်ကို မသိခြင်း များကို ထောက်ပြ ဆွေးနွေး ကြပါသည်။

ထိုဆွေးနွေးပွဲမျိုးကို ကျင်းပ ရခြင်းသည် အမျိုးသမီးများမှ အမျိုးသားများနှင့်ခွဲခြား ဆက်ဆံခြင်း ခံရမှု အပေါ် ပိုမို သိရှိ လာကြပြီး အမျိုးသား များလည်း အမျိုးသမီးများနှင့် ထိုခွဲခြားမှု မရှိလေအောင် ရှေ့ဆက် မည်သို့ လုပ်ဆောင်ရ မည်ကို သဘောပေါက် လာကြရန် ရည်ရွယ် ထားသည်ဟုဆိုပါသည်။

ထိုအပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက် ရာတွင်လည်းအမျိုးသမီး များ၏ အခန်း ကဏ္ဍ နှင့် အမျိုးသား များ၏ အခန်းကဏ္ဍ မည်သို့ ရှိသည်ကို သိရှိ လာကြသည့် အပြင် မည်ကဲ့သို့ပူးပေါင်း ဆောင်ရွက် ရမည်ကိုသိရှိ နားလည် လာကြ ပါသည်။ သို့သော်လည်း ခွဲခြားမှု မရှိစေရန် လိုအပ်သော အောင်မြင်မှု အတိုင်းအတာ မရရှိသေးကြောင်း ဆိုပါသည်။

မြန်မာနိုင်ငံတွင်အမျိုးသား၊ အမျိုးသမီး ခွဲခြားမှု ရှိနေခဲ့သည်မှာ အမှန်ပင် ဖြစ်ကြောင်း၊ ပြုပြင် ပြောင်းလဲရန် အတွက် အချိန် အများကြီး ယူရဦးမည် ဖြစ်ပြီး သင်တန်းများနှင့် စည်းရုံး ဆွေးနွေးပွဲများ လိုအပ် နေသေးကြောင်း၊ ယင်းဆွေးနွေး ပွဲသို့ တက်ရောက် ခဲ့သည့် စောသန်းမြင့်မှ သုံးသပ် ပါသည်။


ယခု ကျင်းပသည့် အလုပ်ရုံ ဆွေးနွေး ပွဲသည် ဒုတိယ အကြိမ် ကျင်းပခြင်း ဖြစ်ပြီး နိုင်ငံရေး အဖွဲ့အစည်းများ၊ လွတ်တော် ကိုယ်စားလှယ်များ၊ လူငယ် အဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်းများနှင့် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ( ၇၀) ကျော် တက်ရောက် ခဲ့ကြပါသည်။

No comments: