Friday, August 30, 2013

ပြည်မြို့တွင် ပုဒ်မ ၁၈ ဖျက်သိမ်းရေးဆန္ဒပြ ဆန္ဒပြခေါင်းဆောင်တို့ကို ပုဒ်မ ၁၈ ဖြင့်ပင် အမှုထပ်ဖွင့်

ရေခဲ(ပြည်) | သောကြာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၃

အာဏာပိုင်၏ ခွင့်ပြုချက်မရဘဲ ဆန္ဒပြသူများကို ဖမ်းဆီးသည့် စီတန်းလှည့်လည်ခွင့် ဥပဒေမှ ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးရန် ပဲခူးတိုင်း၊ ပြည်မြို့တွင် လူအင်အား ၃၀ ခန့်က သြဂုတ် ၂၉ ရက် နံနက် ၉နာရီခန့်တွင် ဆန္ဒပြခဲ့ကြသည်။

“ပုဒ်မ ၁၈ နဲ့ အထိန်းသိမ်းခံထားရသူတွေနဲ့ ပုဒ်မ(၁၈)နဲ့ အစွပ်စွဲခံထားရတဲ့သူတွေ အကုန်လုံး ပြန်လွှတ်ပေးစေချင်တယ်” ဟုလည်း ထိုဆန္ဒပြပွဲကို ခေါင်းဆောင်သူ ကိုမျိုးသူထွဋ်မှ ပြောကြားခဲ့သည်။

ယခုဆန္ဒပြပွဲမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄တွင်ပါရှိသော နိုင်ငံသားတိုင်း လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့် ရှိသည်ဆိုသည့် ပြဋ္ဌာန်းချက်ကို စီတန်းလှည့်လည် ပုဒ်မ ၁၈ ဖြင့် ပြန်လည် ချုပ်ကိုင်ထားသည့် အတွက် ဖျက်သိမ်းပေးရန် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပြည်မြို့မှာ ဆန္ဒဖော်ထုတ်ဖို့ ခွင့်ပြုမိန့်တောင်းခံတိုင်း ရတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ ခွင့်ပြုမိန့်ပေးတဲ့ အရာရှိက ဥပဒေအထက်မှာ ရှိသလားလို့တောင် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ကိုခင်ဦးမှ ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် “ပုဒ်မ ၁၈ ဖျက်သိမ်းပေး”၊ “ပုဒ်မ ၁၈ အလိုမရှိ”ဟူသော ကြွေးကြော်သံများဖြင့် ပြည်မြို့၊ လမ်းမတော်လမ်းမှ ဗိုလ်ချုပ်လမ်း၊ ဦးဝင်းမြ ဆန်စက်လမ်းနှင့် သံတစ်ချောင်းလမ်းများအတိုင်း လမ်းလျှောက် ချီတက်ခဲ့သည်။

ထို့ပြင် ဆန္ဒပြသူများကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်များတွင်လည်း “ဥပဒေစိုးမိုးရေသည် ပထမ”၊ “မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို မဲပေးရွေးထားတာမဟုတ်”၊ “ပုဒ်မ၁၈ဖြင့် စွပ်စွဲခံထားရသူများ ချက်ချင်းလွှတ်”ဟူသော ကြွေးကြော်သံများ ရေးသားထားကြသည်။

ထိုဆန္ဒပြပွဲသည် အာဏာပိုင်ထံမှ ခွင့်ပြုချက် တောင်းခံထားခြင်းမရှိသဖြင့် ပြည်မြို့ရှိ မြို့မရဲစခန်းမှစခန်း မှူးဦးဆောင်သောအဖွဲ့က လေးကြိမ်တိုင် လာရောက်တားမြစ်သော်လည်း ဆက်လက်ဆန္ဒပြခဲ့ကြသည်။

ထို့ကြောင့် ဆန္ဒပြပွဲကိုဦးဆောင်ခဲ့သည့် ကိုခင်ဦး၊ ကိုဖိုးကျော်(ခ)ကိုကျော်မျိုးထွန်း၊ ကိုမျိုးသူထွဋ်၊ ကိုပိုက်တင်(ခ) ကိုသန့်ဇင်၊ ကိုဖိုးဝင်းတို့ကို မြို့မရဲစခန်းက ပုဒ်မ ၁၈ ဖြင့်ပင် တရားစွဲရန် အမှုဖွင့်လိုက်ကြောင်း ကာယကံရှင်များ ထံမှ စုံစမ်းရရှိသည်။

ယခုအမှုအပါအ၀င် ပြည်မြို့၌ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူ စုစုပေါင်း ၂၈ ဦးရှိသွားပြီဖြစ်သည်။

No comments: