Thursday, August 29, 2013

အလားအလာကောင်းသော SMS လုပ်ငန်း ၆၂ ခုကို ငွေကျပ် ၁၀ ဘီလီယံထုတ်ချေးထား

မင်းသူရ | ကြာသပတေးနေ့၊ သြဂုတ်လ ၂၉ ရက် ၂၀၁၃

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အလားအလာကောင်းသော အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်း ၆၂ခုကို ငွေကျပ် ၁၀ ဘီလီယံခန့် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် သုံးနှစ်ကြာ ထုတ်ချေးထားကြောင်း စက်မှုဝန်ကြီးဌာန ဒု-၀န် ကြီး ဦးမျိုးအောင်က ပြောသည်။

သြဂုတ် ၂၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မဲဆန္ဒနယ်မှ ဦးစိန်မြင့်၏ စက်မှုလက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်လျက်ရှိသော အရင်းအနှီး များ၊ နည်းပညာများ၊ နိုင်ငံတော်အစိုးရပံ့ပိုးပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်းနှင့် ပတ်သက်၍ ယင်းသို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ အသေးစား အလတ်စားစက်မှုလုပ်ငန်းများ အာဆီယံ စီးပွားရေးအသိုက်အ၀န်းမှာ ပါဝင် ယှဉ်ပြိုင်နိုင်အောင်လို့လည်း စက်မှုဖွံ့ဖြိုးရေးဘဏ်ကို အသေးစားနှင့် အလတ်စားဖွံ့ဖြိုးရေးဘဏ်အဖြစ် ပြောင်းလဲပြီး ယခုလို ထုတ်ချေးခဲ့တာပါ”ဟု ဒု-၀န်ကြီး ဦးမျိုးအောင်က ဆိုသည်။

ထို့အပြင် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ လိုအပ်သော တန်းဖိုးမြင့်ထုတ်ကုန်များ၊ နည်းပညာ အကူအညီနှင့် အရင်းအနှီးအကူအညီများရရှိရန်အတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော ဂျာမနီအခြေစိုက် ဂျာမနီအပြည်ပြည် ဆိုင်ရာအဖွဲ့အစည်း၊ နယ်သာလန် အခြေစိုက်အဖွဲ့အစည်းများ၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဦးမျိုးအောင်က ဆက်လက်ပြောသည်။

အသေးစား အလတ်စားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် တိုင်းနှင့်ပြည်နယ်အသီးအသီးတွင် သက်ဆိုင်သော အဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့လိုပြီး ပြည်သူများပါ ပါဝင်လာအောင် လုပ်ရန်လိုအပ်သည်ဟု ဦးမျိုးအောင်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ပြည်တွင်း ပြည်ပညာရှင်များ နှင့် ပြည်ထောင်စုဝန်ကြီးဌာနတို့ ပူးပေါင်း၍ရေးဆွဲထားသော ယင်းဥပဒေမူကြမ်းကိုနိုင်ငံတော်သမ္မတရုံးသို့တင်ထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

No comments: