Thursday, August 29, 2013

ဝန်ကြီးဌာနငါးခု ကျပ်သန်း သုံးသောင်းကျော်နှင့် ကန်ဒေါ်လာ ၂၂ သန်းကျော် ပြန်လည်ပေးဆပ်ရန် အကြွေးကျန်နေ

မင်းမင်း

အစိုးရ၏ ၀န်ကြီးဌာနငါးခုက ပြည်သူ့ဘဏ္ဍာငွေသို့ ပြန်လည်ပေးဆပ်ရန် ကျပ်ငွေသန်းပေါင်း သုံးသောင်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် ရှိနေသည်ဟု လွှတ်တော်၏ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သြဂုတ် ၂၇ ရက်၌ လွှတ်တော်တွင် ထုတ်ဖော် အစီရင်ခံလိုက်သည်။

ပြည်သူ့ဘဏ္ဍာငွေသို့ ပြန်ထည့်ရန် ကြွေးကျန်နေသည့် ၀န်ကြီးဌာနများမှာ စက်မှု၊ ပညာရေး၊ ကျန်းမာရေး၊ သတ္တုတွင်းနှင့် ဟိုတယ်/ ခရီး ၀န်ကြီးဌာနများဖြစ်ကြပြီး ယင်းဝန်ကြီးဌာန ငါးခုပေါင်း၏ ပေးရမည့် ကြွေး ကျန်ငွေ အတိအကျမှာ ကျပ်သန်းပေါင်း ၃၂၄၅၅.၉၁၁ နှင့် အမေရိကန်ဒေါ်လာ ၂၂.၈၉ သန်းဖြစ်သည်။

ယင်းငွေပမာဏမှာ ယခုသြဂုတ်လ ၁ ရက်ထိ စာရင်းများဖြစ်သည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ လွှတ်တော်အမတ် ဦးသူရိန်ဇော်က လွှတ်တော်တွင် အစီရင်ခံစာဖတ်ကြားစဉ် ထည့်သွင်း ပြောဆို ခဲ့သည်။

ဝန်ကြီးဌာနများသည် လုပ်ထုံးလုပ်နည်း လိုက်နာဆောင်ရွက်ရန် အားနည်းပြီး၊ ဘဏ္ဍာစည်းမျဉ်းတို့နှင့် မညီဘဲဆောင်ရွက်နေမှုတို့ကြောင့် “ပြည်သူ့ဘဏ္ဍာငွေ နစ်နာနေရသည်”ဟုလည်း လွှတ်တော်တွင် ၎င်းကပြောခဲ့သေးသည်။

ကြွေးကျန်သည့် ၀န်ကြီးဌာနငါးခုအနက် သတ္တုတွင်းဝန်ကြီးဌာနသည် ကြွေးအများဆုံးဖြစ်ပြီး ငွေသားအနေဖြင့် ကျပ်သန်း ၂၈၀ ကျော်နှင့် ပြည်သူ့ဘဏ္ဍာအတွက် ရွှေစင်ပြန်သွင်းရမည့်အစား ငွေသားဖြင့် ပြန်ပေးရမည့် ငွေကျပ် သန်းပေါင်း ၃၂၀၀၀ ကျော်တို့ဖြစ်ကြောင်း လွှတ်တော်၏ကော်မတီက အစီရင်ခံထားသည်။

ဒုတိယ အကြွေးအများဆုံး ကျန်ရှိနေသည်မှာ ဟိုတယ် / ခရီး ၀န်ကြီးဌာနဖြစ်ပြီး ထိုဝန်ကြီးဌာန လက်အောက်ရှိ ဟိုတယ်ခုနစ်ခုသည် ပြည်သူ့ဘဏ္ဍာငွေသို့ ပြန်ဆပ်ရန်ကြွေး အမေရိကန်ဒေါ်လာ၂၂.၈၉သန်း ကျန်ရှိနေသည်။

ကျန်ဝန်ကြီးဌာနများဖြစ်သည့် စက်မှုဝန်ကြီးဌာနသည် ၎င်း၏လက်အောက်ရှိ အမှတ်-၃ အကြီးစားစက်မှု လုပ်ငန်းမှကြွေးကျန်ငွေကျပ် ၄၂ သန်းကျော်၊ ပညာရေးဝန်ကြီးဌာနသည် ၎င်းလက်အောက်ရှိ အမှတ်-၂ အခြေခံပညာဦးစီးဌာန ၏ ကြွေးကျန်ကျပ်၂ သန်းကျော်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ၎င်းလက်အောက်ရှိ ရန်ကုန်ကလေးဆေးရုံကြီး၏ပေးရန်ကျန်ငွေ ကျပ် ၂၅ သန်း ကျော်တို့ ကျန်ရှိနေကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်၏ ဒုတိယ ခြောက်လပတ်အရ အသုံးဆိုင်ရာ ငွေစာရင်းတွင် အရေးကြီးသောစစ်ဆေးတွေ့ ရှိချက်များကို စာရင်းစစ်ချုပ်ရုံးက တွေ့ရှိသဖြင့် သြဂုတ် ၂၇ ရက်တွင် လွှတ်တော်၏ ပြည်သူ့ငွေစာရင်းကော်မတီက လွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းလိုက်ခြင်းဖြစ်သည်။

ထိုအစီရင်ခံစာနှင့်ပတ်သက်၍ လာမည့် သြဂုတ် ၂၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးမည် ဖြစ်ပြီးဆွေးနွေးမည့် အမတ်များသည် ယနေ့ နောက်ဆုံး စာရင်းပေးရမည်ဟု ပြည်ထောင်စုလွှတ်တော် နာယကကကြေညာထားသည်။

No comments: