ABC
ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ မြန်မာနိုင်ငံကို လေယာဉ်တွေနဲ့သာ ဝင်ရောက်လည်ပတ်စရာ မလိုတော့ပဲ ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေကနေတဆင့် ဝင်ရောက်လာနိုင်အောင် နယ်စပ်ဂိတ်တွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ရရှိပြီးသား ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ နယ်စပ်ဂိတ် လေးခုကနေ မြန်မာနိုင်ငံထဲကို ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။
တာချီလိတ်-မယ်ဆိုင်ဂိတ်၊ မြဝတီ-မဲဆောက်ဂိတ်၊ ကော့သောင်း-ရနောင်းဂိတ်နဲ့ ထီးခီး-ပူနာရွန်ဂိတ် ၄ ခုကနေတဆင့် ဒီကနေ့ကစပြီး ဝင်ထွက်နိုင်မှာ ဖြစ်ပါတယ်။
အရင်တုန်းကတော့ မြန်မာနိုင်ငံကို လည်ပတ်လိုသူတွေအနေနဲ့ နိုင်ငံတကာလေဆိပ်ကနေ တဆင့် ဝင်ရောက်မှသာ ဝင်ခွင့်ရသလို နယ်စပ်ဂိတ်တွေကနေ ဝင်မယ်ဆိုရင် နေ့ချင်းပြန်ခရီး ဒါမှမဟုတ် နယ်စပ်ဒေသမှာသာ တစ်ပတ်ကြာအထိ နေထိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။
ခုအခါမှာတော့ နယ်စပ်ဂိတ် ၄ ခု ကနေ ဝင်ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ လေယာဉ်နဲ့ ရောက်ရှိလာတဲ့ ခရီးသည်တွေလိုပဲ ခွင့်ပြုထားတဲ့ နေရာအနှံ့ကို လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းပြည်ဝင်ခွင့် ဗီဇာရရှိသူတွေကလည်း နယ်စပ်ဂိတ်ကနေတဆင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်နိုင်အောင် စီစဉ်ထားပြီး နှစ်နိုင်ငံကြား ကမ္ဘာလှည့်ခရီးသည်တွေ အဝင်အထွက်များအောင် လုပ်ဆောင်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းက မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် တစ်သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ထိုင်းနိုင်ငံကိုတော့ ကမ္ဘာလှည့်ခရီးသည် သန်းပေါင်း ၂၂ သန်း လည်ပတ်ခဲ့ကြတယ်လို့ သိရပါတယ်။
No comments:
Post a Comment