Thursday, August 29, 2013

လယ်မြေသိမ်းယူမှုများအတွက် ဆန္ဒပြလမ်းလျှောက်သူတို့ တနင်္သာရီတိုင်းဘက် ပြန်လှည့်လျှောက်မည်

ဖိုးစိုးသူ | ကြာသပတေးနေ့၊ သြဂုတ်လ ၂၉ ရက် ၂၀၁၃

လယ်မြေသိမ်းယူမှုကိစ္စများ အစိုးရက ဖြေရှင်းပေးရန် ရည်ရွယ်ချက်ဖြင့် တောင်ငူမှ လယ်သမားအရေး လှုပ်ရှားသူများ က လိုင်ဇာသို့လမ်းလျှောက်ရာ ခွင့်ပြုချက်မရ၍ ပြန်လာရပြီးနောက် တနင်္သာရီတိုင်းဘက် ထပ်မံလမ်းလျှောက်သွားရန် ရှိသည်ဟု လမ်းလျှောက်ရာတွင် ဦးဆောင်သူ ဦးခင်ဇော်က မဇ္ဈိမကို သြ ဂုတ် ၂၈ ရက်တွင် ပြောသည်။

“နောက်တစ်ခါ မွန်ပြည်နယ်နဲ့ တနင်္သာရီဘက်ကို လမ်းလျှောက်မယ်။ ဒီတစ်ခါ လူတွေ အရင်ကလို များတော့မှာ မဟုတ်ဘူး။ ကျွန်တော်တစ်ယောက်ပဲ ဖြစ်ချင်ဖြစ်မယ်။ လယ်ယာမြေအရေးတွေ အမြန်ဆုံး မဆောင်ရွက်မချင်း လမ်းလျှောက်မယ်”ဟု ဆိုသည်။

သူတို့သည် သြဂုတ် ၁၄ ရက်တွင် ရန်ကုန်မြို့မှ စတင်တာထွက် လမ်းလျှောက်ခဲ့ခြင်းဖြစ်ရာ တောင်ငူနှင့် ရေတာရှည်မြို့နယ်များသို့ လမ်းလျှောက်ပြီးနောက် သြဂုတ် ၁၅ ရက်တွင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် ကင်ပွန်းခြုံကျေးရွာ အရောက်တွင် မန္တလေးတိုင်းအစိုးရအဖွဲ့မှ တားမြစ်ခြင်းကို ခံခဲ့ရပြီး ပြန်လှည့်လာရခြင်း ဖြစ်သည်။

“မန္တလေးတိုင်းအစိုးရအဖွဲ့က ခွင့်ပြုချက်မရှိတော့ လမ်းလျှောက်ခွင့်မရှိဘူး ပြောတယ်။ ပဲခူးတိုင်းအတွင်းမှာ ခွင့်ပြုချက် ရပြီး မန္တလေးတိုင်းမှာ ခွင့်ပြုချက်တောင်းတာကို လက်မခံဘူး။ လမ်းလျှောက်ခွင့် မပြုဘူး သွားချင်တဲ့နေရာကို ကားနဲ့လိုက်ပို့ပေးမယ် ပြောတယ်။ ခွင့်ပြုချက်မပေးတာကို စာနဲ့ပယ်ချတာမျိုးမလုပ်ဘဲ တားဆီးခဲ့တဲ့အတွက်ပြန်လာခဲ့ရတယ်” ဟု ဦးခင်ဇော်က ပြောကြားခဲ့သည်။

လမ်းလျှောက်ရာတွင် ပါဝင်ခဲ့သူများမှာ လယ်သမားအရေး ဆောင်ရွက်ပေးနေသူ တောင်ငူဒေသခံ ၁၀ဦး၊ ရေတာရှည် မြို့နယ်မှ နှစ်ဦး၊ အုတ်တွင်းမြို့မှ နှစ်ဦးနှင့် ဘုန်းတော်ကြီးတစ်ပါး အပါအ၀င် စုစုပေါင်း ၁၅ ဦး ဖြစ်ကြသည်။

လမ်းလျှောက်ရာတွင် တိုင်းနှင့် ပြည်နယ် ၁၄ ခုသို့ သုံးလခန့် အချိန်ပေးပြီး ဆန္ဒဖော်ထုတ် လမ်းလျှောက်သွားမည်ဖြစ်သည်ဟုလည်း ၎င်းတို့က ပြောခဲ့သည်။ ယင်းအပြင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရန်ကုန်မှ မန္တလေးသို့ လမ်းလျှောက်သည့် ဆရာတော်ဦးရက္ခ၀ံသသည်နေပြည်တော်အ၀င်၌ ၀င်ခွင့်မရ၍ သြဂုတ် ၂၂ ရက်တွင် ရန်ကုန်သို့ ပြန်လာခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သေးသည်။

လယ်မြေပြဿနာများနှင့် ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်း လက်မှတ်ရှိပါက အချို့ဌာနများက သိမ်းထားသည့် မြေများ ကို လာမည့် အောက်တိုဘာလတွင် ပြန်ပေးမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက သြဂုတ်၂၃ ရက်က နေပြည်တော် စက်မှုဝန်ကြီးဋ္ဌာနတွင် သတင်းမီဒီယာသမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

No comments: