Friday, August 30, 2013

KNU တပ်မှူးများ (၆) လ ပါတ် အစည်းအဝေး ပြီးဆုံး

ဖြူဖြူကို

ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မှူးများ (၆) လပါတ် အစည်းအဝေးတွင် အပစ်အခတ် ရပ်စဲရေး အခြေအနေနှင့် ပါတ်သက်ပြီး ပြန်လည် သုံးသပ် ဆွေးနွေး ခဲ့ကြသည်ဟု ယင်းအစည်းအဝေးကို တက်ရောက် ခဲ့သော KNU အရာရှိ တစ်ဦးက ဆိုပါသည်။

“ ကျင်းပတာက သြဂုတ်လ (၂၆)ကနေ (၂၉) ရက်နေ့ အထိပါဘဲ။ နေရာက ကရင် ပြည်နယ် လှိုင်းဘွဲ မြို့နယ်မှာ ရှိတဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး စခန်း ဌာနချုပ် သေ့ပေထမှာ ကျင်းပ ခဲ့ကြပါတယ်”ဟု ဆိုပါသည်။

အစည်းအဝေးတွင် အပစ်အခတ် ရပ်စဲရေး ကာလ၌ ငြိမ်းချမ်းရေး တည်ဆောက်မှုကို မထိခိုက်စေသော လုပ်ရပ်များ၊ သတ်မှတ်ချက် များနှင့် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေး ဆုံးဖြတ် ခဲ့ကြသည်ဟု ဆိုပါသည်။

တပ်မှူး အစည်းအဝေး၏ ဝေဖန်ချက်များ ထဲတွင် KNU တပ်များသည် KNU နယ်မြေထဲ၌ပင် လွတ်လပ်စွာ လှုပ်ရှားသွား လာမှုကိုပါ ချုပ်ချယ် လာနေသည်ကို ကန့်ကွက် ထားပါသည်။ ဤကဲ့သို့သော တားမြစ်မှုမျိုး နောက်ထပ် ဆက်မလုပ်ရန်လည်း သတိပေး သွားမည်ဟု ဆုံးဖြတ် ထားပါသည်။ အစိုးရ တပ်များသည် KNU တပ်များသွားလာ လှုပ်ရှားသည့် အခါ မည်သည့် နေရာကို မသွားရ၊ လက်နက် မကိုင်ရ စသဖြင့် လိုအပ်သည်ထက် ပိုမို ဖိအားပေး လာခြင်းကြောင့် ယခု ကဲ့သို့ ဆုံးဖြတ် လာရသည်ဟု ဆိုပါသည်။

ထို့အပြင် တပ်ဖက် ဆိုင်ရာ လမ်းညွှန်ချက် (၇) ချက် ကိုလည်း ဆုံးဖြတ် ခဲ့သည်ဟု ဆိုပါသည်။ ၄င်းတို့မှာ-

- အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် ခိုင်မာစေရန် KNU ဖက်မှ တောင်းဆို ထားသည့် အတိုင်း အစိုးရ ရှေ့တန်းစခန်းများ ရုတ်သိမ်းပေးရန်။

- KNU/KNLA ထိန်းချုပ် နယ်မြေထဲတွင် KNU/ KNLA တပ်ဖွဲ့ဝင်များ၏ သွားလာ လှုပ်ရှားမှု များနှင့် စည်းရုံး လှုပ်ဆော်မှု များကို အစိုးရ အာဏာပိုင်များ ဖက်မှ ကန့်သတ် ချုပ်ချယ် နေမှုကို ရပ်စဲပေးရန်။

- အလားတူ အပစ်အခတ် ရပ်စဲရေး အခြေအနေတွင် ငြိမ်းချမ်းရေးကို မထိခိုက် စေရန် အတွက် KNU အုပ်ချုပ် နယ်မြေတွင် အစိုးရ စစ်တပ်ဘက်မှ ၀င်ရောက် စွက်ဖက် နေမှုကို ရှောင်ကျဉ်ပေးရန်။

- အစိုးရဘက်မှ တစ်ပြည်လုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေးကို ကြေငြာပေးရန်။

- မူးယစ်ဆေးဝါး ကိစ္စသည် အမျိုးသားရေး တာဝန် တစ်ရပ် ဖြစ်သည့် အတွက် ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရန် ဗဟိုကော်မတီထံသို့ တင်ပြသွားရန်။

- ကရင်အမျိုးသား တပ်မတော်ကို ပိုမိုပြီး ကျစ်လစ် ခိုင်မာရန် အတွက် မွမ်းမံ သင်တန်းများ ပေးရန်နှင့် သဘာဝ ဘေးအန္တရယ်နှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် ကရင် လူထုများအား ကယ်ဆယ် နိုင်ရန်အတွက် သင်တန်းများ ပေးရန်နှင့်-

- ဆက်ဆံရေး ရုံး၌ တာဝန် ယူရမည့် တပ်ဖွဲ့၏ အခန်း ကဏ္ဍနှင့် လုပ်ငန်းစဉ် လည်ပတ်ရေး သင်တန်းများ ပြုလုပ် ပေးရန် စသည်တို့ ဖြစ်ပါသည်။

အစိုးရသည် KNU နှင့် အပစ်အခတ် ရပ်စဲ ခဲ့သည်မှာ တနှစ်ကျော် ကြာလာသော်လည်း KNU မှ တောင်းဆို ထားသည့် အချက်များကို လိုက်လျှောခြင်း မရှိသေးသဖြင့် သံသယ ပွားစရာ ဖြစ်လာခဲ့ကြောင်း၊ အထူးသဖြင့် အစိုးရ တပ်ဖွဲ့များ၏ ရှေ့တန်းစခန်း တချို့အား ဆုတ်ပေးရန် KNU က တောင်းဆို ထားသော်လည်း ဆုတ်မပေးသေးသည့် အပြင် ခိုင်ခန့်လာ အောင် တည်ဆောက် လာနေခြင်းကြောင့် သံသယ ဖြစ်ပွား နေခြင်း ဖြစ်ပါသည်။ 


ယင်းဆွေးနွေးပွဲသို့ KNU တပ်မဟာ (၇)ခုမှ တပ်မှူးများ၊ ဗျူဟာမှူးများနှင့် တပ်မဟာမှူးများ အပါအ၀င် ကိုယ်စားလှယ် (၆၀)ကျော် တက်ရောက် ခဲ့ပါသည်။

KNU သည်ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မီတီဝင် ဖြစ်ပါသည်။ ဤကော်မီတီသည် လာမည့် စက်တင်ဘာ ၃ ရက်နေ့တွင် (၃ လ)ပြည့် အစည်းအဝေး ကျင်းပရန် ရှိနေပါသည်။ ထိုအစည်းအဝေးတွင် ပြီးခဲ့သည့် သြဂုတ်လ (၁၆) ရက် နေ့တွင် ဖြစ်ပွား ခဲ့သော ၀ဲကြီး တိုက်ခိုက်မှုကို နယ်ခြား စောင့်တပ် BGF နှင့် ဖြေရှင်းရန် ရှိပါသည်။ ဤပြသနာသည်လည်း နယ်မြေ သတ်မှတ်ချက် မရှိသဖြင့် ဖြစ်ပွား ခဲ့သော ပြသနာဟု ဆိုပါသည်။

KNU သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပေသည်။ ဤကဲ့သို့ အပစ် ရပ်စဲ ခဲ့ပြီးနောက်ပိုင်း အစိုးရ နယ်ခြား စောင့်တပ်နှင့် တိုက်ခိုက်မှု တချို့  ရှိသည်မှ လွဲပြီး ပြသနာ ကြီးစွာ မရှိဟု ဆိုပါသည်။

No comments: