Thursday, August 29, 2013

အပစ်ရပ် အဖွဲ့များအား နေပြည်တော် ၌ တွေ့ဆုံရန် ဒုတိယ သမ္မတ ဖိတ်ကြား

အဲာပိုန်

အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အပစ်ရပ် ထားသည့် လက်နက်ကိုင် တိုင်းရင်းသားများ အဖွဲ့များနှင့် တွေ့ဆုံရန် ရှိကြောင်း ဖိတ်ကြား ခံရသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်မှ ဆိုပါသည်။

“ပထမ အကြိမ် လက်ခံ တွေ့ဆုံတဲ့ပွဲ ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ တက်ရောက်ဖို့ စီစဉ်နေပါတယ်။ တိုင်းရင်းသား တွေရဲ့လိုလားချက်ကို ဒုတိယ သမ္မတ တယောက် အနေနဲ့ သိရှိဖို့ ရည်ရွယ်ပြီး စာတမ်းဖြင့် သွားရောက် တင်ပြပေးမှာ ဖြစ်တယ်” ဟု ဆိုပါသည်။

ယင်းတွေ့ဆုံ ပွဲသည် လာမည့် သြဂုတ်လ ၃၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည် ဖြစ်ပြီး ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၏ တွေ့ဆုံပွဲဟု ခေါ်ဆို ပါသည်။ ယင်းတွေ့ဆုံပွဲ အတွက် အဖွဲ့ပေါင်း မည်မျှ ဖိတ်ကြား ထားသည်ကို မသိရ သေးသော်လည်း ဖိတ်ကြားမှု ထဲတွင်ကရင် အမျိုးသား အစည်းအရုံး KNU၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် ချင်း အမျိုးသား တပ်ဦး (CNF) တို့ပါဝင် သည်ဟုဆို ပါသည်။

ထိုအဖွဲ့မှ ဦးဆောင် တက်ရောက် သူများမှာ KNU အဖွဲ့မှ ဥက္ကဌ မူတူးဆေးဖိုး၊ RCSS အဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းငိဏ်းနှင့် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်၊ CNF အဖွဲ့မှ အရာရှိ ၂ ဦးနှင့် အခြား လူငယ် အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်မှ ဆိုပါသည်။

အစိုးရ ဘက်မှ ဦးဆောင် တက်ရောက် သူများမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက၊ ဒုတိယ ဥက္ကဋ္ဌများ အဖြစ် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ပါဝင် တက်ရောက်မည် ဖြစ်ပါသည်။

ယင်းတွေ့ဆုံပွဲတွင် အစိုးရ အဖွဲ့ဘက်မှ မည်သည့် အကြောင်းအရာ ဆွေးနွေး လာမည်ကို မသိရ သေးသော်လည်း RCSS အဖွဲ့ကမူ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း စဉ်များ ကိစ္စ၊ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များ ကိစ္စ၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး မူဘောင်နှင့် အမျိုးသား နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဟူသော ခေါင်းစဉ် ၄ ခုဖြင့် တင်ပြ ဆွေးနွေးရန် ရှိကြောင်း RCSS မှ ဗိုလ်ကြီး စိုင်းမိန်က ဆိုပါသည်။


မည်သို့ပင် ဆိုစေ၊ အစိုးရသည် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို တစ်ဖွဲ့ချင်း အနေဖြင့် လက်မှတ် ထိုးပေးရန် ဆန္ဒ ရှိနေပါသည်။ ဤအချက်ကို အစိုးရ နည်းပညာ အဖွဲ့မှ တဆင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ကို တရားဝင် အကြောင်း ကြားပြီး ဖြစ်ပါသည်။ UNFC အဖွဲ့ဝင် မဟုတ်သော RCSS ကိုမူ တရားဝင် အကြောင်းကြား ထားခြင်း မရှိသေးကြောင်း ဆိုပါသည်။

သို့သော်လည်း အစိုးရ တပ်ဖွဲ့များသည် RCSS အား ဆက်လက် တိုက်ခိုက် နေဆဲ ဖြစ်ပါသည်။ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း၌ပင်အစိုးရ တပ်များသည် ရှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ်ရှိ RCSS တပ်ဖွဲ့အား တိုက်ခိုက် ခဲ့ပါသည်။ ဤတိုက်ပွဲသည် အထက်၏ ညွန်ကြားချက် အမိန့်ဖြင့် လာရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အစိုးရ တပ်ဘက်မှ အကြောင်းကြား ခဲ့သည်ဟု ဗိုလ်ကြီး စိုင်းမိန်းက ဆိုပါသည်။ ဤသို့သော အစိုးရ၏ စမ်းသပ် အခြေအနေ များကြောင့်ပင် RCSS သည် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တွေ့ဆုံပွဲသို့ တက်ရောက်ပြီး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်များ ခေါင်းစဉ်ဖြင့် သွားရောက် တင်ပြ ရခြင်း ဖြစ်ကြောင်း RCSS ဘက်က ဆိုသည်။

UNFC နည်းတူ RCSS အဖွဲ့သည်လည်း အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးသည့် အခါ (သို့မဟုတ်) ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲကို ကျင်းပသည့် အခါ နိုင်ငံတကာ သက်သေများ၊ UN ၊အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများ ပါဝင် လာပါက ပိုပြီး အာမခံချက် ရှိသည်ဟု ခံယူ ထားပါသည်။

RCSS အဖွဲ့သည်၂၀၁၁ ခုနှစ်က အစိုးရမှ ဖော်ဆောင် ခဲ့သော တစ်ဖွဲ့ချင်း အပစ်အခတ် ရပ်စဲရေးကို ပထမ ဆုံးသော လက်မှတ် ရေးထိုး ခဲ့သည့် အဖွဲ့ ဖြစ်ပါသည်။

No comments: