Tuesday, February 25, 2014

ကုန်ကျစရိတ် လျော့ချပေးနိုင်လျှင် ကျောင်းမတက်နိုင်သည့် အခက်အခဲ ကူညီနိုင်မည်

KnCC၊ STLC

ကယား(ကရင်နီ) ပြည်နယ်တွင် မိဘများမှ ထောက်ပံမှုများ မပေးနိုင်ကြသည့် အတွက် ကယားပြည်နယ် များ ရှိ ကျောင်းသားများမှာ ပညာတစ်ဝက်တစ်ပျက်နှင့် ကျောင်းထွက်လိုက်ရသည့် အခက်အခဲ များ ရင်ဆိုင်ကြုံ တွေ့နေရဆဲ ရှိသည်ဟု ပြည်တွင်းနှင့် နယ်စပ်ရှိ ကျောင်းသားများ က ပြောဆိုလိုက်သည်။

ထိုင်းမြန်မာ နယ်စပ်ရှိ ကရင်နီ ဒုက္ခသည်စခန်း မှ ဆယ်တန်းလွန်ကျောင်းတစ်ကျောင်းဖြစ်သည့် (KnCC) နောက်ဆုံးနှစ် ကျောင်းသားများနှင့် ပြည်တွင်းရှိ ဒီးမော့ဆိုမြို့ တွင် ဖွင့် လှစ်ထားသည့် ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်(STLC)နောက်ဆုံးနှစ် ကျောင်းသားများ ပူးပေါင်းလက်တွေ့ကွင်းဆင်း နေသည့်အတောအတွင်း ယခုလို ပြောဆိုခြင်းဖြစ်သည်။

" ဘာဖြစ်လဲဆိုတော့ သူတို့မိဘတွေက မတတ်နိုင်ဘူး။ ဗမာ(အစိုးရ)ကျောင်းတက်တော့ သိတဲ့အတိုင်းပေါ့နော် အစိုးရတွေကဝင်ကြေးများကြီး တောင်းတယ်။ နောက်ကျမတို့သူတို့ကိုမေးကြည့်တော့ ငယ်ငယ်နဲ့ကျောင်းထွက်တယ် ဘာဖြစ်လို့လည်းဆိုတော့ ၅ တန်းရောက်ပြီးဆို ထွက်ပြီးလယ်လုပ်ပြီး အဲ့လိုမျိုးပေါ့နော်။ ဘာဖြစ်လို့ အဲလိုမျိုးဖြစ်ရလဲ ကျမသူတို့ကိုမေးတော့သူတို့အနေနဲ့ ကိုယ့်ပိုက်ဆံ မတတ်နိုင်ဘူးအဲလိုမျိုးပြောတယ်။ " ဟု (KnCC ) ဒုတိယနှစ်ကျောင်းသူ မော်နိုမြာ က ပြောသည်။

KnCC နှင့် STLC နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားများအား ဘွဲ့လက်မှတ်အပ်နှင်းသဘင် မပြုလုပ်ပေးခင် ဇန်နဝါရီလ မှ မတ်လ ၂၀၁၄ နှစ် အထိ ပြည်တွင်း နှင့် နယ်စပ်ရှိ လူမှုအသင်းအဖွဲ့အစည်းကြားတွင် လက်တွေ့ အလုပ်သင်ဆင်းနေကြချိန် အတောအတွင်း ပညာရေးနှင့်ပတ်သက်သည့် လေ့လာတွေ့ရှိချက်အချို့ ကို ပြောပြသည်။

"ရပ်ဝေးမှာနေပြီး သားသမီး နှစ်ယောက်သုံးယောက် က တစ်ပြိုက်နက် ကိုးတန်း ၊ ဆယ်တန်းတက်တဲ့ လူတွေ ဆိုရင် သူတို့ တွေက အိမ်ဝေးတော့ ဘော်ဒါလာနေရတယ် ကျူရှင်တွေ ယူမယ်ဆိုလို့ ရှိရင် တစ်နှစ်ဆို အနည်းဆုံး (ကျပ်ငွေ)ဆယ်သိန်းလောက် ကုန်တာပေါ့ နော် ဆယ်သိန်းကို စပါးနဲ့ ပြန်တွက် မယ် ဆိုလို့ ရှိရင် အနည်းဆုံး ဆယ်လှည်း(နွားလှည်း) လောက်တော့ ကုန်တာပေါ့ မိသားစုတွေ တစ်နှစ် စာကုန်သွားတာပေါ့ နော် " ဟု (STLC) ကျောင်းမှ နောက်ဆုံးနှစ်ကျောင်းသား ခူးကြားရယ်မှ ပြောသည်။

အခြေခံပညာ မူလတန်းမှ အထက်တန်းထိ ပညာသင်ယူနေကြသည့် ကျောင်းသူကျောင်းသားများမှာ ကျောင်းဝင်ကြေးခ၊ ဖတ်စာအုပ်ခ၊ ကျောင်းအဆောက်အဦး ပြင်ဆင်ခ၊ ကျောင်းယူနီဖောင်းခ၊ အချိန်ပိုခ နှင့် ကျူရှင်ခ တို့ ကို ပေးဆောင်နေရကြပါသည်။

"ကျုရှင်ကတော့ ကျမအတွက် မလိုအပ်တော့ဘူးထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသူကျောင်းသားတွေအတွက် အနှောက်အယှက်ဖြစ်တယ် " ဟု STLC ကျောင်းမှ နောက်ဆုံးနှစ်ကျောင်းသူ မော်နိုမြာ က ပြောပါသည်။

ယခုလို အပြောင်းအလဲကာလမှာ မူလတန်းမှ အထက်တန်းထိ ပညာသင်ယူလိုသော ကျောင်းသား/သူ များအတွက် ကျောင်းကုန်ကျ စရိတ်များ လျော့ ချပေးနိုင်မည်ဆိုပါက ကျောင်းတစ်ဝက်တစ်ပျက်နှင့် ထွက်နေကြရသည့် လူငယ်များ၏ အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်မည်ဟု မော်နိုမြာက ပြောသည်။

လက်ရှိကျောင်းအထက်တန်းပြ ကျောင်းဆရာ/မ တစ်ဦး၏ လစာမှာ ကျပ်ငွေ တစ်သိန်းခွဲရှိပြီး အဆိုပါလစာသည် ယခင်စစ်အစိုးရလက်ထက် ကထက် နှစ်ဆတိုးမြှင့်ထားသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ဘဏ္ဌာရေးကော်မရှင်အဖွဲ့မှ ယခု ၂၀၁၄ခုနှစ် အစိုးရ ဘဏ္ဌာရေးအတွက် အမေရိကန် ဒေါ်လာ ၁၆ ဘီလီယံ လျာထားသည့်ထဲမှ ပညာရေးအတွက် အမေရိကန်ဒေါ်လာ ၀.၉၅ ဘီလီယံ သုံးစွဲရန် ဇန်နဝါရီလ ပထမ အပတ်က အဆိုပြုထားခဲ့ သည်။

၂၀၁၁ နှစ်တွင် ကရင်နီဆယ်တန်းလွန်ကျောင်း KnPT နှင့် ကရင်နီလူမှုစီမံ ခန့်ခွဲရေးကျောင်း ပေါင်းစပ်ပြီး KnCC ကျောင်း စတင်ဖွဲ့စည်းခဲ့ ပြီး ကျောင်းအား ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းတွင် ဖွင့်လှစ်ထားရှိသည်။

အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အကြား အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီးနောက် ၂၀၁၃ခုနှစ်တွင် ဆယ်သဲသင်ယူလေ့လာရေးဆုံမှတ်ကို ဖွဲ့စည်းခဲ့ပြီး ကျောင်းအား ဒီးမော့ဆိုမြို့ ရူးဖယ်ခူရပ်ကွက်တွင် ဖွင့်လှစ်ထားသည်။

No comments: