Thursday, February 27, 2014

ဆင်းရဲမှု လျှော့ချရန် ငွေချေးပေးရုံဖြင့် မလုံလောက်ဟု ထောက်ပြ

မင်းမင်း

ငွေချေးပေးရုံဖြင့် ဆင်းရဲမှုသံသရာ အဆုံးသတ်မည်မဟုတ်ဘဲ ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိ သည့် လုပ်ငန်းစီမံချက်များကိုလုပ်ဆောင်ရန် စစ်အစိုးရလက်ထက် မအောင်မြင်ခဲ့သည့် ကြက်ဆူပင် စီမံ ချက်ကို ဥပမာပေး၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က ဖေဖော်ဝါရီ ၂၄ ရက် တွင် သတိပေးပြောဆိုခဲ့သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်တစ်ဦး ဖြစ်သူ ၎င်းက “ငွေရေးကြေးရေး ထောက်ပံ့ပေးရုံနဲ့ မဖြစ်ပါဘူး။ ငွေ ရေးကြေးရေး ထောက်ပံ့ပေးရုံနဲ့ ဒီငွေဟာ အကျိုးရှိစွာ အသုံးချနိုင်ဖို့ ရာခိုင်နှုန်းအားဖြင့် အင်မတန်မှ နည်း ပါတယ်ဆိုတာ ကျွန်တော်တို့ အတွေ့အကြုံအရလည်း သိရှိနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာက အတွေ့ အကြုံ တွေကို လက်တွေ့ဆောင်ရွက်နေပြီလားဆိုတာ မေးမြန်းခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခင်အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ကြိုးပမ်းခဲ့သည့် ကြက်ဆူပင် စိုက်ပျိုးခြင်းစီမံချက် အောင်မြင်မှု မရှိသော်လည်း အိန္ဒိယနိုင်ငံ၌မူ နားလည်တတ်ကျွမ်းသူများဖြင့် နည်းမှန်၊ လမ်းမှန် စနစ်တကျ ဆောင်ရွက် ခဲ့၍အောင်မြင်ခဲ့သည်ကို အတုယူရန် ဒေါက်တာမြင့်ကြည်က ထောက်ပြ ပြောဆိုခဲ့သည်။

“အိန္ဒိယမှာ ကြက်ဆူပင်စိုက်နိုင်တဲ့ဒေသကို ကျွမ်းကျွမ်းကျင်ကျင် စိုက်နိုင်တဲ့၊ စိုက်တတ်တဲ့ပုဂ္ဂိုလ် သွား တယ်။ အဲ့ပုဂ်္ဂိုလ် စိုက်ပေးတယ်။ စိုက်ပေးပြီးတဲ့နောက် စိုက်ပျိုးတဲ့နည်းတွေကို သူတို့ပြတယ်။ ပြပေး တယ်။ ပြီးတော့နောက် အဲ့ဒီက ထွက်လာတဲ့ဟာကို ဆီအဖြစ် ဘယ်လိုကြိတ်ထုတ်မယ်။ ဒီဟာကိုလည်း ပဲ သင်ပေးတယ်” ဟု ၎င်းက ဆိုသည်။

စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အကြံအစည်ဖြစ်သော လောင်စာဆီဖူလုံရေး စီမံကိန်း အရ ၂၀၀၅ ဒီဇင်ဘာတွင် တစ်နိုင်ငံလုံး အတိုင်းအတာ စီမံကိန်းအနေဖြင့် ပြည်နယ်နှင့် တိုင်း ၁၄ ခုတွင် မြေဧက စုစုပေါင်း ၇ သန်း၌ ကြက်ဆူပင်များစိုက်ပျိုးရန် အမိန့်ပေးညွှန်ကြားခဲ့သည်။

သက်ဆိုင်ရာ စစ်တိုင်းမှူးများကလည်း အမိန့်အတိုင်း အကောင်အထည်ဖော်ရန် အစိုးရ၀န်ထမ်းများနှင့် သာမန် အရပ်သားများကို ဖိအားပေးလုပ်ဆောင်ခဲ့သော်လည်း ကြက်ဆူပင်မှ လောင်စာဆီ ထုတ်ယူရေး စီမံချက်မှာ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်ပေါ်လာခြင်း မရှိပေ။

ရန်ကုန်တိုင်း အမှတ် ၈၊ ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာမြင့်ကြည်က “ဆင်းရဲမှုအကြောင်း ဖော်ပြခြင်း၊ ဆင်းရဲမှု သံသရာမှလွတ်ရန် ဆောင်ရွက်ခြင်းတို့ကို နိုင်ငံတကာအတွေ့အကြုံများဖြင့် စီမံ ဆောင်ရွက်နေ ခြင်း” ရှိမရှိ မေးမြန်းရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းမေးခွန်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒု- ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက အစိုးရ၏ စစ်တမ်းများအရ ဆင်းရဲနွမ်းပါးမှု အခြေအနေ မှာ ကျေးလက်ဒေသများတွင် မြို့ပြထက် နှစ်ဆခန့် ကွာဟနေသည်ဟု ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိသည့် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ ချရေးမှာ အစိုးရ၏ ဦးစားပေးလုပ်ငန်းများတွင်ပါဝင်ပြီး ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ် ရှစ်ခု ချမှတ်ထား သည်ဟု ဒု-၀န်ကြီးက ဆိုသည်။

ကျန်ရှိသည့် အစိုးရသက်တမ်းအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင် သွားမည်ဟုလည်း သမ္မတဦးသိန်းစိန်က ၎င်း၏ လစဉ်ရေဒီယို မိန့်ခွန်းများတွင် ထည့်သွင်းပြောဆိုထားသည်။

No comments: