Friday, February 28, 2014

တရုတ်အစိုးရ၏ ကူညီပစ္စည်းများရရှိသော်လည်း ခက်ခဲမှုအခြေအနေများရှိနေဆဲ

KNG

တရုတ် ပီကင်းအစိုးရ၏ လူသားခြင်းစာနာမှုဖြင့် ပထမဆုံးအကြိမ် ကူညီပေးသော ပစ္စည်းများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်လိုင်ဇာအနီးရှိ ဂျေယန့်ဒုက္ခသည် စခန်းတွင် ရရှိနေပြီဖြစ်သော်လည်း နေရာထိုင်ခင်းနှင့် အိမ်သာ၊ ရေတို့ အခက်ခဲဖြစ်နေဆဲဖြစ်သည်။

ယနေ့ တရုတ်အမှကူညီသော ပစ္စည်းများကို ဂျေယန့်ဒုက္ခသည်စခန်းတွင် ရရှိသော်လည်း ၎င်းဒုက္ခသည်စခန်းရှိ အိမ်ထောင်စု ၇၀၀ ကျော် အတွက် နေအိမ်ခန်းများ အမြန်ဆုံးပြုပြင်ရန်လိုအပ်နေပြီး အိမ်သာများလည်းပြည့် ကာ ရေအခက်ခဲဖြစ်နေခြင်းဖြစ်သည်ဟု ဒုက္ခသည် ကူညီရေးအဖွဲ့က ပြောသည်။

တရုတ်အစိုးရမှလည်း စခန်းအတွက်လိုအပ်ချက်များကို ဆက်လက် ဦးစားပေး ကူညီသွားမည်ဖြစ်ကြောင်းနှင့် ယခုချိန်တွင် ၄င်းတို့အကူညီပစ္စည်းများကို ဖြန့်ဝေပေးလျက်ရှိကြောင်း ဂျေယန့်ဒုက္ခသည် တာဝန်ခံ ဦးလဘန်နော်ဂျာ KNG ကချင်သတင်းဌာနသို့ ပြောသည်။

“မနေ့ကနေ ကူညီပစ္စည်းသေတ္တာတွေကို လိုင်ဇာကနေ သယ်နေတယ်။ ရောက်လာတဲ့ ကူညီပစ္စည်းကို တခါထဲ ဒုက္ခသည်တွေ ကိုပေးနေတာ ထားမဲ့နေရာမရှိလို့ အခု အိမ်ခြေ ၁၀၀ ကျော်ကို ပေးနေပြီ အခုလည်း သယ်နေတုံးပဲ ဒီနေ့ပြီးအောင် သယ်ပြီး အားလုံးကိုပေးမယ်” 


တရုတ် ပီကင်းအစိုးရ၏ ကူညီပေးသော ပစ္စည်းသေတ္တာတွင် ဆန်၊ ဆီ၊ ဆား၊ သကြား၊ စောင်နှင့် ဆေးဝါး အပါအ၀င် ၁၀ မျိုးဖြစ်ကြောင်းသိရှိရသည်။

ယနေ့တွင် ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ (WFP) မှ ၂ လ ၁ ကြိမ်၊ ၃ ကြိမ်မြောက် အကူညီကို ပဲအမျိုးမျိုး၊ အဟာရမှုန့်နှင့် ဆားများလက်ခံရရှိပြီး၊ ကုလအဖွဲ့ UNCP မှ မီးဖိုများကို ကူညီပေးကာ ဗန်းမော်ဂရုဏာအဖွဲ့မှ လစဉ်ကူညီနေသော ဆန်၊ ဆီနှင့် ဟင်းဖိုးငွေတို့ရရှိပြီး တရုတ်ကြက်ခြေနီ အဖွဲ့၏ ကူညီပစ္စည်းသေတ္တာကိုလည်း ယနေ့တွင် အသီးသီးဝေပေးနေကြောင်း စခန်းကော်မတီမှသိရသည်။

ဗဟိုဌာနချုပ်လိုင်ဇာ အနီးရှိ စစ်ပြေးဒုက္ခသည်စခန်းများဖြစ်သော ဝေကြိုင်ဒုက္ခသည်စခန်း၊ ဖုန်လွမ်ယန်၊ လိုင်ဇာအမှတ် ၃ ဈေးစခန်းရှိ ဒုက္ခသည်စခန်းများကို တရုတ်အစိုးရမှ ကူညီပစ္စည်းသေတ္တာများအား ယမန်နေ့ရရှိခဲ့သောကြောင့် ဒုက္ခသည်များ ၀မ်းသာအားရဖြစ်နေကြကြောင်း ဒုက္ခသည်တဦးပြောသည်။

“မထင်မှတ်ပဲ အခုလိုကူညီပစ္စည်းတွေရလာတဲ့အတွက် ကျနော်တို့ဒုက္ခသည်တွေ အတိုင်းမသိ အရမ်းပျော်မိတယ် ကူညီပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်တယ် ဆက်လက်ပြီးကူညီဖို့ရန် သီးသန့်ဆုတောင်းခြင်း ကိုလည်းလုပ်နေတယ်”

ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် အိမ်ခြေ ၁၆၀၀ ကျော် ဒုက္ခသည်ပေါင်း ၈၂၇၂ ရှိပြီး လိုင်ဇာဗဟိုဌာနချုပ်အတွင်းရှိ ဒုက္ခသည်စခန်း ၄ ခုတွင် လူဦးရေ အများဆုံး စခန်းဖြစ်သည်။

No comments: