Friday, February 28, 2014

ကလေးကစားကွင်းကို လူငယ်သုံးဦးက အုပ်စုဖွဲ့ရန်ရှာမှု ဖြစ်

ရေခဲ(ပြည်)

ပြည်မြို့ရှိ ကလေးကစားကွင်းတစ်ခုကို အရက်မူးနေသည်ဆိုသည့် လူငယ်သုံးဦးက အုပ်စုဖွဲ့ရန်ရှာသည့် အတွက် ကစားကွင်းမန်နေဂျာက ပြည်မြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီ ၂၄ ရက်က အမှုဖွင့်တိုင်တန်းထား သည်ဟု နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်ဇော်မိုးနိုင်က မဇ္ဈိမကို ပြောသည်။

“ဒီကောင်တွေ လူမိုက်ဆန်ဆန် လုပ်နေတာ။ သက်သက် ပြဿနာရှာတာ”ဟု ပြောသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၄ ရက်ည ၈ နာရီခွဲခန့်က ပြည်မြို့၊ ရွာဘဲရပ်၊ အမှတ် (၇၃)ရှိ Top One ကလေး ကစားကွင်းသို့ ဘီလူး၊ အောင်ဖြိုးထက်(ခ)ဓာတ်ခဲနှင့်ရွှေအိုးစည်တို့ သုံးဦးသည် Kenbo125 အနက် ရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည်။ဘီလူးက အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးကို “ပိုက်ဆံတောင်း ပေး၊ မပေးရင် ဓားနဲ့ထိုးမယ်”ဟု ခြိမ်းခြောက်ပြောဆိုပြီး ၎င်းတို့သုံးဦးသည် ဆဲဆိုကာဆိုင်ကိုခဲဖြင့်ပေါက်ခဲ့ သည်ဟု တိုင်တန်းထားသည်။

ကလေးကစားကွင်း ၀န်ထမ်းများက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသည်ကို သိရှိပြီး အဆိုပါလူငယ် သုံးဦးသည် ဆိုင်ကယ်ကို ကစားကွင်းရှေ့ထားကာ ကိုယ်လွတ်ထွက်ပြေးသွားသည်ဟု ဆိုသည်။

ခဲများဖြင့်ပစ်ပေါက်ခံရသည့်အတွက်ကစားကွင်းဆိုင်တံခါးမှန်ကွဲကြေပျက်စီးသဖြင့် ဆုံးရှုံးမှုတန်ဘိုး ကျပ်နှစ် သောင်းနှင့် ဆိုင်းဘုတ်ပျက်စီးသဖြင့် ဆုံးရှုံးမှုတန်ဘိုး ကျပ်သုံးသောင်းရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

အဆိုပါအမှုကို ပြည်မြို့၊ မြို့မရဲစခန်း တွင်(ပ)၈၆/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၂၉၄/၃၃၆/၅၀၆/ ၄၂၇ အရ အမှုဖွင့် ဆောင်ရွက်ထားပြီး တိုင်ကြားခံရသူများကို ဖမ်းဆီးစစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

No comments: