Wednesday, February 26, 2014

မောင်တော ရဲမှူးချုပ် ဦးတင်ကိုကိုနှင့်အဖွဲ့ ရဲစခန်းသစ် ၄ နေရာအား တိုးမြင့်သတ်မှတ်

သဇင်ဥ

မောင်တောခရိုင်အတွင်း လုံခြုံရေးအရ ရဲစခန်းသစ် (၄)ခုအား များမကြာမီဖွင့်လှစ်နိုင်ရန်အတွက် ရဲမှူးချုပ် ဦးတင်ကိုကို ဦးစီး၍ နယ်စပ်လုံခြုံရေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က နယ်မြေများကို သွားရောက်လေ့လာစစ်ဆေး တိုးမြင့်သတ်မှတ်ပြီး ဒေသခံများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောခရိုင် လုံခြုံရေးကြောင့် ရဲစခန်းသစ်များတိုးချဲ့ဖွင့်လှစ်မည့် နေရာများမှာ အင်းဒင်၊ အလယ်သံကျော်၊ သရေကုန်ဘောင်နှင့် ကျီးကန်ပြင်ဒေသများအတွင်းဖြစ်ကြောင်းနှင့် မောင်တောမြို့ ရဲမှူးချုပ် ဦးတင်ကိုကို ဦးဆောင်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ဥပဒေအရာရှိများ၊ မကဖအဖွဲ့မှူးများက သွားရောက်၍ ရဲစခန်းသစ် မြေများကို သတ်မှတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းခရီးစဉ်တွင် အလယ်သံကျော် အထကကျောင်းခန်းမ၌ ရဲမှူးချုပ် ဦးတင်ကိုကိုနှင့်အဖွဲ့ နယ်စပ်လုံခြုံရေးများကို ဒေသဆိုင်ရာအကြီး အကဲများနှင့်အတူ ဆွေးနွေးဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း လိုက်ပါဆောင်ရွက်သူများက ဆိုသည်။

ထို့ပြင် ဒုချီးရားတန်းအရေးအခင်းနှင့် ပတ်သက်၍ ကျဆုံးသွားသော ရဲတပ်ကြပ်ကြီးနှင့် ၎င်းကိုင်ဆောင်ခဲ့သော လက်နက် ပျောက်ဆုံးနေရခြင်း မှုခင်းအတွက် တရားခံအား အားလုံးဝိုင်းဝန်းဖေါ်ထုတ်ကြဖို့နှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း ဆိုသည်။

နယ်စပ်ဒေသများ လုံခြုံရေးအတွက် ရဲစခန်းသစ်များနှင့်အတူ ပြည်သူ့ဝန်ထမ်းများ အနေဖြင့် တာဝန်ဝတ္တရားများ ဆောင်ရွက်နေစဉ် အနှောင့်အယှက်များ မပေးကြဖို့နှင့် တာဝန်သိပြည်သူတစ်ဦး အနေဖြင့် ခုခံကာကွယ်ကူညီကြဖို့ ပြောကြားသွားခဲ့ကြောင်း သိရှိရသည်။

ယင်းရဲစခန်းသစ်များ တည်ဆောက်ပြီးသည့်နောက်ပိုင်းတွင် ယင်းဒေသအတွင်းရှိ ပြည်သူများအနေဖြင့် မှုခင်းဆိုင်ရာကိစ္စရပ်များအား အချိန်မီ လာရောက်တိုင်ကြားအမှုဖွင့်နိုင်မည်ဖြစ်ကြောင်း၊ ယင်းဒေသခံများနှင့် နယ်စပ်လုံခြုံရေးများအတွက်ပါ ရှိလာမည်ဖြစ်ကြောင်း ဒေသခံများက ယုံကြည်နေကြသည်။

အလယ်သံကျော် အထကကျောင်းခန်းမ၌ ပြုလုပ်သော ဆွေးနွေးပွဲတွင် ဦးတင်ကိုကိုနှင့်အဖွဲ့ အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရှိရသည်။

ယခုအခါ မောင်တောနှင့် ဘူးသီးတောင်မြို့နယ် နယ်စပ်ဒေသများအတွင်း ယခင်နှစ်များကထက် နယ်စပ်လုံခြုံရေး တိုးမြင့်စောင့်ကြည့် နေကြောင်း နယ်စပ်သတင်းများက ဆိုသည်။

No comments: