Friday, February 28, 2014

ကျောက်ဆည်မြို့ အမှတ် ၇လမ်းကို ပေ ၄ဝ လမ်းခင်းရန် နေအိမ်အချို့ နောက်ဆုတ်ပေးရ

အောင်ကိုဦး

မန္တလေးတိုင်း ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက် ဦးကျော်ဖေလမ်း (အမှတ်၇)လမ်းကို မြို့ပြ အင်္ဂါရပ်နှင့် ညီစေရန် ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးကော်မတီက လမ်းချဲ့ထွင်ရာ နေအိမ်အချို့ ဖေဖော်ဝါရီလ ၂၆ရက် နံနက် ၁ဝနာရီတွင် အပြီးဖျက်ပေးခဲ့ရပြီး အချို့မှာ နောက်သို့ဆုတ်ပေးခဲ့ရသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလ ၂၆ရက် နံနက် ၁ဝနာရီတွင် အပြီးဖျက်သိမ်းမပေးပါက တရားဥပဒေအရ အရေးယူသွားမည်ဟု စည်ပင်သာယာရေးကော်မတီက အကြောင်းကြားထားသဖြင့် အိမ်များကို ဖျက်ပေးခဲ့ရသော်လည်း လျော်ကြေး တစ်စုံတစ်ရာ ပေးအပ်ခြင်း မရှိဟု ဒေသခံများက ဆိုသည်။

"ကျွန်တော်တို့က လမ်းချဲ့တာကို လက်သင့်ခံပါတယ်ဗျာ။ ကိုယ့်ဖွံ့ဖြိုးမှုအတွက်ပဲ။ အခု ဖယ်ခိုင်းဖျက်ခိုင်းတာကျတော့ ကျူးကျော် ဆိုပြီး ဖျက်ခိုင်းတာ အဓိပ္ပါယ် မရှိဘူး။ ဒီမှာနေလာကြသူတွေက ဘိုးစဉ်ဘောင်ဆက် နေသူတွေပါ။ ပြီးတော့ ဒီနေ့အပြီးဖျက်ခိုင်း တယ်။ မဖျက်ရင် တရားစွဲမယ်ဆိုတော့ အားလုံးကြောက်ပြီး ဖျက်ပေးရတယ်။ ကိုယ့်ငွေနဲ့ အကုန်ကျခံလုပ်နေရတယ်။ ဖျက်ပြီး ဒီအတိုင်းပုံထားရုံပဲ။ လောလောဆယ် ဝင်းပြန်ခတ်ဖို့မလွယ်ဘူး။ အိမ်ပြန်ဆောက်ဖို့ မလွယ်ဘူး"ဟု ၁၆ ပေ ဖယ်ပေးရသူ ဦးဇော်ဇော်က မဇ္ဈိမ ကိုပြောသည်။

၎င်းက ဆက်လက်၍ ၁၆ပေ ဖယ်ပေးလိုက်ရမည်ဆိုလျှင် ခြောက် ပေသာ ကျန်သောကြောင့် မိသားစု နေထိုင်ရန် အခက်အခဲ ရှိသဖြင့် အနည်းငယ်လျှော့ပေးရန် စည်ပင်သာယာကို သွားရောက် အသနားခံခဲ့သော်လည်း မည်သို့မျှလုပ်မပေးနိုင်ဟုသာဖြေကြားခဲ့သည်ဟု ဆိုသည်။

အဆိုပါ လမ်းသည် ပေ၅ဝဝခန့်ရှည်ပြီး လမ်းမဘေးတွင် အိမ်ခြေ ၈ဝခန့်ရှိသည်။ လမ်းချဲ့ခြင်းကြောင့် အနည်းဆုံး ၃ပေမှ ၁၆ ပေ အထိ ဖယ်ပေးနေရပြီး အိမ်ခြေ ၂၆အိမ်မှာ ပေအများဆုံး ဖယ်ပေးရသည်။ ထို့အပြင် ရပ်ကွက် ဓမ္မာရုံနှင့် အမှတ် ၄ မူလွန်ကျောင်း တို့၏ ခြံစည်းရိုးအုတ်တံတိုင်းများ ဖျက်ပေးခဲ့ရသည်။

ယခုလမ်းသည် ဒူးကြားလမ်းသာဖြစ်ပြီး အဓိကလမ်းမကြီး မဟုတ်ကြောင်း၊ တစ်အိမ်လုံးနီးနီး ဖျက်ပေးကြရသူများမှာ အိမ်ဆောက်ရန် မလွယ်ကူတော့ကြောင်း သိရသည်။

"ဒီလမ်းက မိန်းလမ်းမဟုတ်ဘူး။ ဒီလမ်းကို ပေ ၄ဝ လမ်း ဖောက်မှာဆိုတော့ အခုလိုဖယ်ပေးရတာပေါ့။ ဘာမှမပြောရဲဘူး။ ကျွန်တော်တို့က သုံးပေပဲဆိုတော့ ဘာမှမဖြစ်ဘူး။ တခြားသူတွေကျတော့ အတော်ဒုက္ခဖြစ်ကုန်တယ်။ နှစ်ဘက်မျှပြီး ဖောက်သင့် တာပေါ့။ အခုခေတ်မှာ ဒါမျိုးလုပ်တာတော့ အခံရခက်တာပေါ့" ဟု ဦးခင်မောင်ရင်က ပြောသည်။

အဆိုပါလမ်းကို မြို့နယ် စည်ပင်သာယာရေးကော်မတီက ၂ဝ၁၃ -၁၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဦးကျော်ဖေလမ်း (အမှတ်၇လမ်း)ကို တိုးချဲ့ ကတ္တရာခင်းခြင်းနှင့် အုတ်ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြေစာရင်း ဦးစီးဌာနက ကွင်းဆင်းတိုင်းတာခဲ့ပြီး ပေ ၄ဝ လမ်းဖောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး လမ်းနှင့်မလွတ်၍ ဖယ်ပေးရန် ၂ဝ၁၃ ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထားဖျက်ပေးရန် အကြောင်းကြားခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၂၅ ရက်အထိ နေအိမ်အချို့က ဖယ်မပေးခဲ့သဖြင့် ၂၆ရက် နံနက် ၁ဝနာရီနောက်ဆုံးထား ရှင်းလင်းပေးရန် အကြောင်းကြားပြီး မလိုက်နာပါက စည်ပင် သာယာရေး ဥပဒေနှင့် အရေးယူမည့်အပြင် ပြစ်မှုဆိုင်ရာပုဒ်မ ၅ဝ၅(ခ)(နိုင်ငံတော် အကြည်အညိုပျက်အောင် သွေးထိုး လှုံ့ဆောင်မှု) ဖြင့်လည်း အရေးယူမည်ဟု အကြောင်းစာတွင် ဖော်ပြထားသည်။

"ကျွန်တော်တို့က ပိုင်ရှင်ရှိတဲ့ ဝင်းတွေကို ဖယ်ခိုင်းတာမဟုတ်ပါဘူး။ လမ်းမြေကို ကျူးပြီး ခြံခတ်ပြီး အဆောက်အအုံ ဆောက်တာတွေကို နောက်ဆုတ်ခိုင်းတာပါ။ လမ်းမြေကိုပဲ ချဲ့ပြီး ခင်းသွားမှာပါ"ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အမည်မဖော်လို သည့် ဝန်ထမ်းတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

အဖယ်ခံထားရသူများကလည်း ၎င်းတို့မှာ ကျူးများမဟုတ်ကြောင်း ငြင်းဆိုသည်။ ယခုကဲ့သို့ ဖယ်ပေးရမှုကို မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲနှင့် တိုင်း စည်ပင်သာယာရေးကော်မတီတို့ထံ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဒေသခံများက လက်မှတ်ထိုး တိုင်ကြား သွားမည်ဟု ဆိုသည်။

No comments: