Thursday, February 27, 2014

လေးပွင့်ဆိုင်တွေ့ဆုံရေးနှင့် အခြေခံဥပဒေပြင်ရေး ပုသိမ်တွင် ဆန္ဒပြ

စည်သူမောင်မောင်

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စုလွတ်တော် နာယက သူရဦးရွှေမန်းတို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြရန် ပုသိမ်မြို့တွင် လူအင်အား ၃ဝဝကျော်ဖြင့် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ(၄၃၆)နှင့် ၅၉ (စ)ပြင်ဆင်ရေး နှင့် လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးမှု ဖြစ်ရေး စသည့်ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်ပုဒ်များဖြင့် ဆန္ဒဖော် ထုတ်ခဲ့ခြင်းဖြစ်သည်။

“၅၉(စ)ကို တချို့ကတော့ အမျိုးဘာသာ သာသနာ့အကြောင်းပြပြီးတော့ မပြင်ဆင်ခြင်းဘူး။ ကျွန်မ စကားကပ်ပြောတာမဟုတ်ဘူး။ ဦးနေဝင်းက စပြီး ဦးစောမောင်၊ ဦးသန်းရွှေ၊ နောက်ဆုံး ဦးသိန်းစိန်တို့ အားလုံးက ၅၉ (စ)နဲ့ ညီတဲ့သူတွေပဲ၊ ညီတဲ့သူတွေ အုပ်ချုပ်သွားတာ ဘာဖြစ်သွားလဲ။ တိုင်းပြည် ဖွတ်ဖွတ်ညက်ညက်ကျေသွားတယ်၊ ၅၉(စ)နဲ့ မပတ်သက်ဘူး။ မည်သူမဆို သမ္မတ ရွေးချယ်ပိုင်ဆိုင်ရှိရမယ်”ဟု ဆန္ဒဖော်ထုတ်ခြင်းတွင် ပါဝင်သူ မအေးအေးမွန်က မဇ္ဈိမကို ပြောသည်။

ဒီမိုကရေစီစံနှုန်းများဖြင့် အပြည့်အဝ ကိုက်ညီရေး၊ ပြည်သူအခွင့်အရေး အာမခံချက်များ ပြည့်စုံလုံလောက်စွာပါရှိရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ တန်းတူညီမျှနှင့် ငြိမ်းချမ်းသာယာစွာ အတူတကွနေထိုင်ရေး၊ ပြည်သူလူထုအကျိုးကို အကောင်းဆုံး စွမ်းဆောင်နိုင်သူများကို ပြည်သူ့ဆန္ဒအရ အကြီးအကဲတင်မြှောက်နိုင်ခွင့်ရှိရေး၊ ဥပဒေ သဘောသဘာဝ ခိုင်မာအားကောင်းသလို၊ ခေတ်ကာလတို့၏ ပြောင်းလဲတတ်သော သဘာဝနှင့် ဆီလျော်စွာ ပြည်သူအများစု၏ ဆန္ဒနှင့် အညီ ပြင်လွယ်ပြောင်းလွယ်ရှိရေး တို့ကို ဆန္ဒဖော်ထုတ်သူများ တောင်းဆိုခဲ့သည်။

“ကျွန်တော်တို့ အားလုံး တင်းကျပ်စွာ အုပ်ချုပ်ထားတယ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်စေချင်တယ်၊ ပြည်သူတွေ ပိုင်တယ် ဖွဲ့ စည်းပုံကို ပြည်သူတွေက ပြင်ဆင်စေချင်တာ၊ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတာကို ပြည်သူတွေက တောင်းဆိုတာ၊ နာဂစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေဟာ အာဏရှင်တွေ စိတ်ကြိုက်ဆွဲထားတာလေ”ဟု ပုသိမ်မြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးသက်နိုင်ဇော်က ဆိုသည်။

ဆန္ဒထုတ်ဖော်ခြင်းကို တရားဝင် ပြုလုပ်ခြင်းဖြစ်ပြီး ပုသိမ်မြို့ မြို့တော်ခန်းမရှေ့မှ စတင်ကာ မြို့တွင်းလမ်းများတွင် လှည့်လည်ရာ လူအင်အား ၁ဝနာရီမှ ၁၂ နာရီအထိ ကြာမြင့်သည်။

No comments: