Friday, February 28, 2014

လေးပွင့်ဆိုင်တွေ့ဆုံရေးနှင့် ဖွဲ့စည်းပုံပြင်ရေး ဆန္ဒပြ

စည်သူမောင်မောင်

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအ၀င် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးကြရန် ပုသိမ်မြို့တွင် လူအင် အား ၃၀၀ ကျော်ဖြင့် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်လိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ(၄၃၆)နှင့်(၅၉/စ) ပြင်ဆင်ရေးနှင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးမှုဖြစ်ရေးစသည့် ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းဘုတ်များဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

“၅၉/စ ကို တချို့ကတော့ အမျိုးဘာသာသာသနာ အကြောင်းပြပြီးတော့ မပြင်ဆင်ခြင်ဘူး၊ ကျွန်မစကား ကပ်ပြောတာမဟုတ်ဘူး၊ ဦးနေ၀င်းကစပြီး ဦးစောမောင်၊ ဦးသန်းရွှေ၊ နောက်ဆုံး ဦးသိန်းစိန်တို့ အားလုံး က (၅၉/စ)နဲ့ ညီတဲ့သူတွေပဲ၊ ညီတဲ့သူတွေ အုပ်ချုပ်သွားတာ ဘာဖြစ်သွားလဲ။ တိုင်းပြည် ဖွတ်ဖွတ်ညက် ညက်ကျေသွားတယ်၊ (၅၉/စ)နဲ့ မပတ်သက်ဘူး။ မည်သူမဆို သမ္မတရွေးချယ်ပိုင်ဆိုင်ခွင့် ရှိရမယ်”ဟု ဆန္ဒဖော်ထုတ်ခြင်းတွင် ပါဝင်သူ မအေးအေးမွန်က မဇ္ဈိမကို ပြောသည်။

ဒီမိုကရေစီ စံနှုန်းများဖြင့် အပြည့်အ၀ ကိုက်ညီရေး၊ ပြည်သူအခွင့်အရေး အာမခံချက်များ ပြည့်စုံလုံ လောက်စွာပါရှိရေး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ တန်းတူညီမျှနှင့် ငြိမ်းချမ်းသာယာစွာ အတူတ ကွနေထိုင်ရေး၊ ပြည်သူလူထုအကျိုးကို အကောင်းဆုံး စွမ်းဆောင်နိုင်သူများကို ပြည်သူ့ဆန္ဒအရ အကြီး အကဲတင်မြှောက်နိုင်ခွင့်ရှိရေး၊ ဥပဒေသဘောသဘာဝ ခိုင်မာအားကောင်းသလို၊ ခေတ်ကာလတို့၏ ပြောင်းလဲတတ်သော သဘာဝနှင့်ဆီလျော်စွာ ပြည်သူအများစု၏ ဆန္ဒနှင့်အညီ ပြင်လွယ်ပြောင်းလွယ်ရှိ ရေးတို့အား ဆန္ဒဖော်ထုတ်သူများက တောင်းဆိုခဲ့သည်။

“ကျွန်တော်တို့အားလုံး တင်းကျပ်စွာ အုပ်ချုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်စေချင်တယ်။ ပြည်သူတွေပိုင်တဲ့ ဖွဲ့စည်းပုံကို ပြည်သူတွေက ပြင်ဆင်စေချင်တာ၊ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတာကို ပြည်သူတွေက တောင်းဆိုတာ၊ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အာဏာရှင်တွေစိတ်ကြိုက် ဆွဲထား တာလေ”ဟု ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးသက်နိုင်ဇော်က ဆိုသည်။

ဆန္ဒထုတ်ဖော်ခြင်းကို တရားဝင်ကျင်းပခြင်းဖြစ်ပြီး ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့မှစတင်ကာ မြို့တွင်း လမ်းများတွင် လူအင်အား ၃၀၀ ကျော်ဖြင့် လှည်လည်ရာ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ကြာမြင့်သည်။

No comments: