Wednesday, February 26, 2014

တက္ကစီကို ၀ိုင်းရိုက်မှုမှ ပြိုင်ကားနှစ်စီး မိဘများကိုယ်တိုင် ရဲစခန်းလာအပ်

ဇော်ဇော်ထွေး

ရန်ကုန်မြို့ ပြည်လမ်း၊ (၆)မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် တက္ကစီယာဉ်တစ်စီးကို ပြိုင်ကားငါးစီးက ၀ိုင်းဝန်း ပိတ်ဆို့ကာ ရိုက်နှက်ခဲ့မှုတွင် ပြိုင်ကားတစ်စီးကို ဖမ်းမိပြီးနောက် ကျူးလွန်ရာတွင်ပါဝင်သည့် အခြားပြိုင် ကားနှစ်စီးကို မောင်းနှင်သူများ၏မိဘများက ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က ဖေဖော် ၀ါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အမှုဖြစ်စဉ်သည် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီဝန်းကျင်က ကိုသက်ဇော်ဝင်း မောင်းနှင် သည့် အငှားယာဉ်ကို ပြိုင်ကားများက ကျော်တက်ပိတ်ရပ်ပြီး ယာဉ်မောင်းနှင့် ခရီးသည်အပါအ၀င် မော် တော်ယာဉ်ကိုပါ ဘေ့စ်ဘောတုတ်များဖြင့် ရိုက်နှက်ခဲ့ကြခြင်း ဖြစ်သည်။

အမှုကို လှိုင်ရဲစခန်းက (ပ)၇၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၄၄၀/၄၂၇/၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်ခဲ့သည့် ပြိုင်ကားများ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

“အမှုထဲက ပြိုင်ကားတစ်စီးကိုတော့ နယ်ထိန်းက ကင်းလှည့်ရင်းတွေ့လို့ ဖမ်းဆီးရမိထားတယ်။ ပြစ်မှုကျူး လွန်သူတွေကတော့ ခရီးလွန်နေတယ်လို့ သိထားရတယ်။ ဒီအမှုကို အာမခံပေးပြီး စစ်ဆေးနေတယ်” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောသည်။

အခင်းဖြစ်စဉ်က ပါဝင်ခဲ့သည့် နစ်ဆန်ဖဲလ်လေဒီ အဖြူရောင်ပြိုင်ကားကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၂ နာရီ ၅၀ မိနစ် က မရမ်းကုန်း (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာတွင် တွေ့ရှိသိမ်းဆည်းခဲ့ပြီး ကျန်ပြိုင် ကားများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၂၁ ရက်တွင် မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက်နေ ကိုထက်(ခ)ဇာနည်(ခ)ဇာနည်ထက်ဝေ၏ V 300 ARISTO အဖြူရောင် ပြိုင်ကားကိုလည်းကောင်း၊ ၂၂ ရက်တွင် လှိုင်မြို့နယ်၊ (၂) ရပ်ကွက်နေ ဝေယံလင်း၏ MAZDA RX 8 ခဲပုတ်ရောင်ပြိုင်ကားကို လည်း ကောင်း မိဘများက ရဲစခန်းသို့ လာရောက်အပ်နှံကြောင်း တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

No comments: