Friday, February 28, 2014

တရုတ်ကွန်မြူနစ်ပါတီနဲ့ အန်အယ်လ်ဒီ ဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေး

အေးနိုင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ပါတီနှစ်ခုရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဆွေးနွေးသဘောတူခဲ့ကြပါတယ်။

တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အိုင်ပင်း (Ai Ping)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ယန်ဝေလျံတို့ အပါအ၀င် ရှစ်ဦးဟာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဋ္ဌာနချုပ်မှာ လာရောက်တွေ့ဆုံခဲ့တာပါ။ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အိုင်ပင်း (Ai Ping)၊ ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံတကာ ရေးရာဌာနက ထိပ်တန်းတာဝန်ရှိသူတဦးလည်း ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီနာယက ဦးတင်ဦး၊ ဗဟိုပြန်ကြားရေး ကော်မတီက ဦးဥာဏ်ဝင်းနဲ့ မုံရွာအောင်ရှင်တို့ သုံးဦးနဲ့ မိနစ် ၄၀ ကျော်ကြာ တွေ့ဆုံဆွေးနွေးကြ ပါတယ်။

ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ခေါင်းဆောင် မုံရွာအောင်ရှင် ခေါ် ဦးအေးကြူက အဓိက ဆွေးနွေးချက်ကို ခုလို ပြောပါတယ်။

“ကျနော်တို့ ဆီလာတာကတော့ အဓိကက သူတို့ တရုတ်နိုင်ငံအနေနဲ့ အခုဟာက နိုင်ငံရေး ပွင့်လင်းမှု ရှိလာတယ်။ ရှိလာတော့ အရင်တုန်းက အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်ဆံရတာ နှောင့်နှေးမှုတွေ ရှိခဲ့တယ်။ အခုကျတော့ ပွင့်လင်းမှုတွေ ရှိလာခဲ့အခါကျတော့ တိုက်ရိုက် ပွင့်ပွင့်လင်းလင်းနဲ့ ပိုပြီးတော့ တိုးချဲ့ပြီးတော့ ဆက်ဆံချင်တယ်ပေါ့။ ဒါ လာတဲ့အကြောင်းပါပဲ” လို့ ပြောပါတယ်။ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် ရည်ရွယ်ချက်ကို ပြောသွားတာပါ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ပြန်လည်ဆွေးနွေးချက်နဲ့ ပတ်သက်လို့ မုံရွာအောင်ရှင် ခေါ် ဦးအေးကြူက ခုလို ပြောပါတယ်။

“ကျနော်တို့က ပါတီချင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ လက်ခံတဲ့အကြောင်း လက်ခံပါတယ်။ နောက်ပြီးတော့လည်း ဟိုတုန်းက တရုတ်နဲ့မြန်မာ ဆက်ဆံရေးပေါ့နော် သမိုင်းကြောင်းအရ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တယ်၊ အခုလည်း စောစောပိုင်းကတော့ အာဏာရှင် လက်အောက်မှာ ဖြစ်နေတဲ့အခါကျတော့ ဆက်ဆံရေးက ပြတ်တောက်သလောက် ဖြစ်ခဲ့တယ်လေ။ အခု ပြန်ပြီးပွင့်လင်းတဲ့အခါမှာ ဒီလို တရုတ်နိုင်ငံက ပြန်လည်ဆက်သွယ်တာကို ကျနော်တို့ လက်ခံတဲ့ အကြောင်း ၀မ်းသာတဲ့အကြောင်း ပြန်ပြောတာပါဘဲ”လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ တပ်မတော်အစိုးရလက်ထက်အစပိုင်း ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်အနိုင်ရတုန်းက တရုတ်သံအမတ်ကြီးကိုယ်တိုင် ပထမဆုံး အသိအမှတ်ပြု လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ တပ်မတော်အစိုးရဘက်က ကျောထောက်နောက်ခံပြုရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ တပ်မတော်အစိုးရ လက်ထက်မှာ သဘောတူခဲ့တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တို့ဟာ ကန့်ကွက်ခံနေရပါတယ်။

ပါတီခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲမှာ မြစ်ဆုံစီမံကိန်းကိစ္စ၊ လက်ပံတောင်းတောင် စီမံကိန်းကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်ကို ဖိတ်ခေါ်ဖို့စတဲ့ ကိစ္စတွေကို မပြောဆိုဘဲ နှစ်ပါတီချင်းဆက်ဆံရေး၊ နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ အစိုးရချင်း ဆက်ဆံရေး ကိစ္စတွေကိုသာ ပြောဆိုတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် လွတ်တော်တွေပေါ်ပေါက်လာပြီးနောက် မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို တရုတ်ပြည်ကို ဖိတ်ကြားလေ့လာတဲ့ခရီးစဉ်တွေ စီစဉ်ပေးခဲ့ပြီး အမျိုးသားဒီမိုကရေစီကို လေးကြိမ်ထက်မနည်း ဖိတ်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်ကို ဖိတ်ကြားဖို့လည်း တရုတ်အစိုးရက ပြင်ဆင်နေပြီး နှစ်ဘက် အဆင်ပြေမယ့်ရက်ကို ချိန်ဆနေတယ်လို့ တရုတ်သံအမတ်က တလောက ပြောဆိုခဲ့ပါတယ်။

No comments: