Thursday, February 27, 2014

ကမ်းဝေး ငါးဖမ်းသင်္ဘောလုပ်ကိုင်သူများကို ကမ်းနီးရေလုပ်သား ၂၀၀ကျော် ဆန္ဒထုတ်ဖော်

ကေဇူး

ကမ်းနီးသို့ ဝင်ရောက်ငါးဖမ်းမှုများ ပြုလုပ်နေသော ကမ်းဝေးငါးဖမ်းသင်္ဘော လုပ်ကိုင်သူများကို အရေးယူပေးရန် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကမ်းနီးရေလုပ်သား ၂၀၀ ကျော်က ဖေဖော်ဝါရီလ ၂၅ရက် နံနက်က ဆန္ဒထုတ်ဖော်ခဲ့သည်။

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲတွင် ဒေသခံ ရေလုပ်သား ၂၀၀ကျော်က နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ကမ်းဝေးငါးဖမ်းသင်္ဘော လုပ်ကိုင်သူများကို ပြည်ထောင်စုအစိုးရကနှင့် ပြည်နယ်အစိုးရတို့က အရေးယူပေးရန်တောင်းဆိုခြင်းဖြစ်သည်။

“ကမ်းဝေးယဉ်တွေ ရေမိုင်နှစ်မိုင်လောက်အထိ လာနေတာကို အရေးယူမှုမရှိပါဘူး။ ဘင်္ဘောကိုမှီအောင်လိုက်နိုင်တဲ့ စက်လှေမရှိဘူးလို့ ငါးဦးစီးက ပြောပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးက ဆောင်ရွက်ပေးဖို့ ဆန္ဒထုတ်ဖော်တာပါ” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ တရားလွှတ်တော်ရှေ့နေဦးတင်ညိုက မဇ္ဈိမကိုပြောသည်။

ဂွမြို့နယ်သည်တွင် ကမ်းနီးငါးဖမ်းလုပ်ငန်းရှင် နှစ်ဆယ်ကျော်ရှိပြီး ကမ်းဝေးငါးဖမ်းရေယဉ်များ ဝင်ရောက်ဖမ်းဆီးမှုကြောင့် ယင်းကမ်းနီးလုပ်ငန်း လုပ်ကိုင်သူများနှင့် ရေလုပ်သားများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာသည်ဟု လုပ်ငန်းရှင်တစ်ဦးဖြစ်သည် ဦးသက်ရှင်းကပြောသည်။

“သင်္ဘောကြီးတွေ ဝင်လာပြီး ရေပေါ်ရေအောက် ဒရွတ်ဆွဲပိုက်တွေနဲ့ ဖမ်းသွားတဲ့အတွက် ကမ်းနီးလှေငယ်တွေ ဖမ်းဆီးမရတော့ဘူး။ ဒီဒေသမှာ ရေလုပ်ငန်း အပြင် အခြားလည်းလုပ်စရာမရှိဘူး”ဟု ကမ်းနီးရေးလုပ်သားတစ်ဦးဖြစ်သူ ကိုဇော်မျိုးကပြောသည်။

ဂွမြို့နယ်တွင် ကမ်းနီးငါးဖမ်းပိုက်ဖောင် ငါးရာခန့် ရှိပြီး ပိုက်ဖောင်တစ်ခုလျှင် ရေလုပ်သား ၃၀ခန့် အလုပ်လုပ်ကိုင်လျှက်ရှိရာ ယင်းပိုက်ဖော်များကို အမှီပြုလုပ်ကိုင်သူ ၁၅၀၀၀ ခန့်ရှိသည်ဟု ရေလုပ်ငန်းရှင်များက ပြောသည်။

ကမ်းဝေးရေယာဉ်များ ဆိုက်ကပ် ဖမ်းဆီးသဖြင့် ပင်လယ်ရေအောက်ကြမ်းပြင် ပျက်စီးခြင်း၊ သန္တာ ကျောက်တန်းများ ပျက်စီးခြင်းအပြင် ငါးသားပေါက်များ၊ ငါး၊ ပုစွန်တို့ စားသုံးသော ရေညှိရေမှော်များ ပျက်စီးခြင်းတို့ ကြုံတွေ့ရသည်ဟု ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးညီထွေးက ဆိုသည်။

ကမ်းနှင့် ရေမိုင် ဆယ်မိုင်အတွင်းတွင် ကမ်းနီးရေလုပ်ငန်းရှင်များ လုပ်ကိုင်ကြပြီး မျှောပိုက်၊ ဝိုင်းပိုက်၊ ကြမ်းပိုက်၊ သုံးထပ်ပိုက်၊ ကျောက်ကပ်ပိုက်များ အသုံးပြုကာ ဒေသတွင်း ရေလုပ်သားများက လုပ်ကိုင်ကြသည်။

ရခိုင်ကမ်းရိုးတန်းဒေသတွင် ကမ်းဝေး ငါးဖမ်းရေယာဉ် ၂၀၀ ခန့်ရှိပြီး အများစုမှာ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းမှ လုပ်ငန်းရှင်များဖြစ်ကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက အမျိုးသားလွှတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်က ကမ်းဝေးရေယဉ်များ ကမ်းနီးဆိုက်ကပ်မှုကို ပြည်ထောင်စုအစိုးရက ထိန်းချုပ်ပေးရန် အဆိုကိုတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

သို့သော်လည်း ငါးဖမ်းရေယဉ်များမှာ လျော့နည်းသွားခြင်းမရှိသဖြင့် ထိုသို့ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်ဟု ဦးတင်ညိုကပြောသည်။

No comments: