Wednesday, February 26, 2014

“၀”တပ်မတော်ဒုတိယစစ်ဦးစီးချုပ် နေပြည်တော်လာမည်

ဟင်္သာနီ (မွန်မြေ)

လာမည့် မတ်လ ၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည့် ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူ ရေးဖွင့်ပွဲအခမ်းအနားသို့ “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီကို အစိုးရက ဖိတ်ကြားထားရာ ဒုတိယ စစ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်ရှစ်ဦး တက်ရောက်မည်ဖြစ်သည်။

“အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ထားတယ်လေ၊ အဲဒါ ကျွန်တော်တို့ “၀” အဖွဲ့ကိုလည်း အစိုးရက ဖိတ်ထားတယ်လေ၊ အဲဒါကို သွားတက်တာပါဟု” ပြင်ပဆက်ဆံရေးဌာန ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက မဇ္ဈိမကို ပြောသည်။

“၀” အဖွဲ့ထိန်းချုပ်ဒေသအတွင်း ပြည်သူလူထုကို သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်၍ ပြီးခဲ့ သည့် ၂၀၁၃ နှစ်အတွင်း ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် “၀” ထိပ်သီးခေါင်းဆောင်တို့အကြား သဘောတူထားသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

ထိုစဉ်က သဘောတူညီချက်၌ ဧပြီလဆန်းမှစ၍ “၀” ထိန်းချုပ်ဒေသအတွင်း နေထိုင်သူ လူဦးရေများကို သန်းခေါင်စာရင်း စတင်ကောက်ခံရန် နှစ်ဖက်ခေါင်းဆောင်များ သဘောတူခဲ့ကြသည်။

ခရီးစဉ်ကို “၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်မှ ဒုတိယစစ်ဦးစီးချုပ် ကျောက်ကျုံးတန်းက ဦး ဆောင်မည်ဖြစ်ကာ မြောက်ပိုင်းမှ ကိုယ်စားလှယ်ခြောက်ဦးနှင့် တောင်ပိုင်းမှ ကိုယ်စားလှယ်နှစ်ဦး စုစု ပေါင်း “၀”အဖွဲ့မှ ကိုယ်စားလှယ်ရှစ်ဦး လာရောက်မည်ဖြစ်သည်။

ထိုခရီးစဉ်အတွင်း အစိုးရ၏ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန်ရှိပြီး မည်သူနှင့် တွေ့ဆုံမည် ဆိုသည်ကို “၀”အဖွဲ့မှ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ အထူးသဖြင့် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံကာ “၀”ပြည်နယ်တောင်းဆိုရေးကိစ္စ ဆွေးနွေးရန်ရှိသည်ဟု သတင်းများထွက်နေသည့်အပေါ် မိမိ မသိရှိရ ကြောင်း ဦးဆမ်ခွန်းက မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန်ဖြေကြားခဲ့သည်။

“၀”အဖွဲ့၏ ဖွဲ့စည်းပုံတွင် ပါတီ၊ စစ်တပ်၊ အစိုးရအဖွဲ့ဟူ၍ ဖွဲ့စည်းထားရာ ပေါက်ယူချန်းမှာ ပါတီနှင့် အ စိုးရအဖွဲ့၏ ဥက္ကဋ္ဌနှင့် စစ်တပ်၏ စစ်သေနာပတိချုပ်ဖြစ်သည်။ လျှောက်မီလျှံမှာ ပါတီ၌ အထွေထွေ အ တွင်းရေးမှူးချုပ်ဖြစ်ကာ အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။ ပေါက်ယူအိမှာ ပါတီ၏ ဒုအထွေထွေအတွင်း ရေးမှူး ဖြစ်သည်။

“၀” တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင်တပ်များအနက် အင်အားအကြီးမားဆုံး တပ်ဖြစ်ကာ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တွင် အမြဲတမ်းတပ်ဖွဲ့ဝင်ပေါင်း ၃၀,၀၀၀ ၀န်းကျင် နှင့် အရန်နှင့် ပြည်သူ့စစ် ၂၀,၀၀၀ ၀န်းကျင် စုစုပေါင်း အင်အား ၅၀,၀၀၀ ၀န်းကျင်ရှိသည်ဟု “၀” အဖွဲ့ နှင့်နီးစပ်သူ တရုတ်နယ်စပ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောဆိုထားဖူး သည်။

No comments: